ဆိုင်းငံ့ထားသည့် အမေရိကန်ကျောင်းသားဗီဇာများ ပြန်လည်ဆောင်ရွက်ပေးမည်

အမေရိကန်ကျောင်းသားဗီဇာလျှောက်ထားသည့် နိုင်ငံခြားသားများအတွက် အင်တာဗျူးခေါ်ဆိုမှု ဆိုင်းငံ့ထားသည့် လုပ်ငန်းစဉ်ကို ပြန်လည်စတင်နေပြီဟု အမေရိကန်နိုင်ငံခြားရေးဌာနက ဇွန်လ (၁၈) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။ 

အစိုးရက စစ်ဆေးမှုပြုလုပ်နိုင်ရန် လျှောက်ထားသူအားလုံးသည် ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို လော့ခ်ဖွင့်ထားရန် လိုအပ်မည်ဖြစ်သည်။

နိုင်ငံ၏ အစိုးရ၊ ယဉ်ကျေးမှု၊ အဖွဲ့အစည်း၊ ဥပဒေနှင့် အခြေခံမူများကို ရန်လိုသည်ဟု ယူဆနိုင်သည့် ပို့စ်များနှင့် မက်ဆေ့ချ်များကို ကောင်စစ်ဝန်အရာရှိများက စောင့်ကြည့်နေမည်ဖြစ်ကြောင်း အဆိုပါဌာနက ပြောကြားခဲ့သည်။

ဆိုရှယ်မီဒီယာပေါ်တွင် ကျောင်းသားတို့၏ လှုပ်ရှားမှုများကို အသေအချာ စိစစ်ရန် ပြင်ဆင်နေချိန်တွင် အမေရိကန်ကျောင်းသားဗီဇာအတွက် အင်တာဗျူးအစီအစဉ်ကို ထရမ့်အစိုးရက ပြီးခဲ့သည့်လတွင် ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။

နိုင်ငံအများအပြားမှ ကျောင်းသားများသည် ဗီဇာအင်တာဗျူးချိန်းဆိုမှုများ ပြန်လည်စတင်ရန် အမေရိကန်သံရုံးများကို စိတ်လှုပ်ရှားစွာ စောင့်ဆိုင်းနေကြသည်။ ကျောင်းစာသင်နှစ်အသစ်မစခင် လေယာဉ်လက်မှတ်ကြိုတင်ဝယ်ပြီး တည်းခိုရာနေရာရှာရန် အချိန်သိပ်မကျန်တော့သည့်အတွက် ကျောင်းသားများက စိုးရိမ်ပူပန်နေကြသည်။  

ဗီဇာလုပ်ငန်းစဉ်ကို ပြန်လည်ဖွင့်လှစ်သည့်အခါတွင် နိုင်ငံတကာကျောင်းသား စုစုပေါင်း၏ (၁၅)% အောက်သာရှိသော ကျောင်းများတွင် ပညာသင်ကြားလိုသော ကျောင်းသားများကို ဦးစားပေးရန် အမေရိကန်အစိုးရမှ ၎င်း၏သံရုံးများကို ပြောကြားထားသည်ဟု သိရသော်လည်း တိကျသည့် ဖော်ပြချက်များ မတွေ့ရသေးပေ။

၂၀၂၃ ခုနှစ် ဒေတာများအရ US တက္ကသိုလ် (၂၀၀) နီးပါးတွင် နိုင်ငံတကာကျောင်းသား (၁၅)% ကျော်ရှိပြီး အများစုသည် Ivy League ကျောင်း (၈) ကျောင်းအပါအဝင် ပုဂ္ဂလိကတက္ကသိုလ်များဖြစ်သည်။ (၂၆) ကျောင်းသည် University of Illinois နှင့် Pennsylvania State University ကဲ့သို့ အစိုးရတက္ကသိုလ်များသာ ဖြစ်သည်။ 

အမေရိကန်ရှိ နိုင်ငံတကာကျောင်းသားများသည် ပိုမိုတင်းကျပ်သော စည်းမျဉ်းများနှင့် စစ်ဆေးမှုများကို ရင်ဆိုင်နေရပြီး အသေးအဖွဲပြဿနာများဖြစ်လျှင်တောင်မှ ထောင်ပေါင်းများစွာသော ကျောင်းသားများ၏ လေ့လာရေးဗီဇာကို ဖျက်သိမ်းနိုင်သည့် မူဝါဒများကိုလည်း ပြင်ဆင်ထားသည်။

Related Article : ဟားဗတ်ကျောင်းသားများ၏ ဗီဇာကိစ္စ အမေရိကန်က ပြန်လည်ဆောင်ရွက်

https://www.edge.com.mm/article/us-resumes-processing-harvard-student-visas.html

Source - AP News

============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

International News Read 21 times