မတ်လ (၂၂) ရက်က ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ တက်ရောက်မှုကို ပိတ်ပင်သည့် အမိန့်ကို ထုတ်ပြန်ခဲ့ပြီး နှစ်ပတ်အကြာမှာ အမေရိကန်အစိုးရက ဟားဗတ်တက္ကသိုလ်တွင် တက်ရောက်မည့် နိုင်ငံတကာကျောင်းသားများ၏ ဗီဇာကိစ္စကို ပြန်လည် ဆောင်ရွက်ပေးရန် ကမ္ဘာတစ်ဝှမ်းရှိ အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးများကို ညွှန်ကြားထားသည်။
ဤဆုံးဖြတ်ချက်သည် ဘော်စတွန်မြို့ရှိ ဖက်ဒရယ်တရားသူကြီးက ဟားဗတ်တက္ကသိုလ်တွင် ပညာသင်ကြားနေသည့် နိုင်ငံတကာကျောင်းသားများအပေါ် သမ္မတဒေါ်နယ်ထရမ့် ထုတ်ပြန်ထားသည့် ဗီဇာပိတ်သိမ်းချက်အသစ်ကို ယာယီတားဆီးလိုက်ပြီးသည့်နောက် ထွက်ရှိလာခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြည်ပရှိ အမေရိကန်သံရုံးများနှင့် ကောင်စစ်ဝန်ရုံးဌာနအားလုံးကို ဟားဗတ်တက္ကသိုလ်ကျောင်းသားဗီဇာများနှင့် ဖလှယ်ရေးဧည့်ဗီဇာများအား ပြန်လည်ဆောင်ရွက်ပေးရန် ညွှန်ကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီအိုက ဇွန်လ (၆) ရက်က ပေးပို့ခဲ့သည့် သံတမန်ရေးရာ စာတစ်စောင်တွင် တရားသူကြီး Allison Burroughs မှ ထုတ်ပြန်သော ယာယီတားမြစ်မိန့် (Temporary Restraining Order - TRO) နှင့် ကိုက်ညီရန် ဟားဗတ်တက္ကသိုလ်နှင့်ဆိုင်သော ကျောင်းသားဗီဇာကိစ္စများကို ပြန်လည်ဆောင်ရွက်ပေးရမည်ဟု ပါဝင်သည်။
လမ်းညွှန်ချက်အသစ်သည် ဟားဗတ်ကျောင်းသားနှင့် သုတေသီများကို ဗီဇာငြင်းပယ်ရန် သံရုံးများကို ပြောကြားခဲ့သည့် အစောပိုင်းညွှန်ကြားချက်များကို ပယ်ဖျက်ပြီး အခြားကျောင်းသားဗီဇာများနှင့် ပတ်သက်သည့် ညွှန်ကြားချက်များအားလုံးသည် ဆက်လက်အသက်ဝင်နေဆဲ ဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဆိုရှယ်မီဒီယာအကောင့်များကို ပိုမိုတင်းကျပ်စွာ စိစစ်ခြင်းနှင့် အမေရိကန်ဗီဇာ လျှောက်ထားသူများ၏ အွန်လိုင်းပေါ်က အချက်အလက်များကို သုံးသပ်ရမည့် အမိန့်ထုတ်ပြန်ချက်သည် မူလအတိုင်း ဆက်လက်ကျင့်သုံးသွားမည်ဟု ဖော်ပြထားသည်။
လာမည့်ရက်များတွင် အဓိက တရားရုံးကြားနာမှုကို ဆက်လက်မျှော်လင့်ရမည်ဖြစ်ပြီး နိုင်ငံတကာ ကျောင်းသားဝင်ရောက်ခွင့်နှင့်ပတ်သက်၍ Trump အစိုးရနှင့် Harvard အကြား အငြင်းပွားမှုသည် အလုံးစုံမဖြေရှင်းနိုင်သေးကြောင်း သိရသည်။
Related Article : ထရမ့်က ဟားဗတ်တက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို ရပ်ဆိုင်းမည်
>> trump-administration-blocks-harvard-from-enrolling-foreign-students.html
============================
ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။
> https://t.me/eudcationguide (Telegram)
> https://invite.viber.com/? (Viber)
နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။