မလေးရှားနိုင်ငံရှိ အဆင့်မြင့်ပညာရေးအဖွဲ့အစည်းများတွင် နိုင်ငံတကာကျောင်းသားများကို ဝင်ခွင့်ပေးရာ၌ အရည်အချင်းပြည့်မီသူများကိုသာ လက်ခံနိုင်ရန်နှင့် နိုင်ငံအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် တင်းကျပ်သော စိစစ်ရွေးချယ်မှုလုပ်ငန်းစဉ်များကို ကျင့်သုံးလျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ အဆင့်မြင့်ပညာရေးဌာန ညွှန်ကြားရေးမှူးချုပ် Datuk Prof Dr Azlinda Azman က နိုင်ငံ၏ အဆင့်မြင့်ပညာရေးအရည်အသွေးကို ထိန်းသိမ်းနိုင်ရန် ကျောင်းသားများ၏ စုစုပေါင်းပျမ်းမျှအမှတ်နှင့် အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုတို့ကို တက္ကသိုလ်ဝင်ခွင့်အတွက် အဓိကသတ်မှတ်ချက်များအဖြစ် အလေးထားစိစစ်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
“ပညာရေးအရည်အသွေး စံချိန်စံညွှန်းတွေကို အမြင့်ဆုံးအဆင့်မှာ ထိန်းသိမ်းထားချင်ပါတယ်။ ကျောင်းသားတွေကို စိစစ်မှုမရှိဘဲ လက်ခံလိုက်ပြီး နောက်ဆုံးမှာ နိုင်ငံအတွက် ပြဿနာတွေ၊ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတာမျိုးကို မလိုလားပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
ဘာသာစကားဆိုင်ရာ သတ်မှတ်ချက်များနှင့်ပတ်သက်၍လည်း မလေးရှားနိုင်ငံရှိ တက္ကသိုလ်များ၊ အထူးသဖြင့် အစိုးရတက္ကသိုလ်များတွင် တက်ရောက်သည့် ဘွဲ့လွန်ကျောင်းသားများအပါအဝင် နိုင်ငံခြားကျောင်းသားအားလုံးသည် ကျောင်းအပ်နှံပြီးနောက် မလေးဘာသာစကား (Bahasa Melayu) ကို စာသင်နှစ်ဝက်တစ်ခုကြာ သင်ယူရမည် ဖြစ်ကြောင်း Azlinda က ပြောကြားခဲ့သည်။
ယင်းအစီအစဉ်သည် နိုင်ငံတကာကျောင်းသားများအနေဖြင့် နေ့စဉ်လူမှုဘဝတွင် မလေးဘာသာစကားဖြင့် ဆက်သွယ်ပြောဆိုနိုင်စေရန်နှင့် ဒေသခံပြည်သူများ၏ ယဉ်ကျေးမှုကွဲပြားမှုများကို နားလည်သဘောပေါက်စေရန် ရည်ရွယ်ခြင်းဖြစ်သည်။
လက်ရှိ နိုင်ငံတကာကျောင်းသားဦးရေ (၁၇၀,၀၀၀) ခန့်ရှိရာမှ ၂၀၃၅ ခုနှစ်တွင် (၅၀၀,၀၀၀) အထိ ဆွဲဆောင်နိုင်ရန် ရည်မှန်းချက်ကိုလည်း တွန်းအားပေးနိုင်မည်ဖြစ်ကြောင်း Azlinda က ပြောသည်။
ထို့အပြင် နိုင်ငံတကာကျောင်းသားများကို တက္ကသိုလ်များ၏ အထူးပြုဘာသာရပ်များနှင့် ကိုက်ညီစွာ တက်ရောက်နိုင်ရန် စီစဉ်ပေးလျက်ရှိကြောင်း Azlinda က ပြောကြားခဲ့သည်။
ဥပမာအားဖြင့် Universiti Malaysia Terengganu (UMT) တွင် အဏ္ဏဝါသိပ္ပံဘာသာရပ်နှင့် Universiti Sains Malaysia (USM) နှင့် Asia Pacific University (APU) တို့တွင် ဉာဏ်ရည်တုနည်းပညာဘာသာရပ်များကို အထူးပြုလေ့လာနိုင်ကြောင်း သိရသည်။
ထို့အတူ နိုင်ငံခြားသားကျောင်းသားများ ဝင်ရောက်မှု အဆင်ပြေချောမွေ့စေရန်အတွက် ကွာလာလမ်ပူ အပြည်ပြည်ဆိုင်ရာလေဆိပ် (KLIA) တွင် ၂၄ နာရီ ဝန်ဆောင်မှုပေးသည့် နိုင်ငံတကာကျောင်းသား ကြိုဆိုရေးစင်တာ (ISAC) ကို ကမ္ဘာပေါ်၌ ပထမဆုံး တည်ထောင်နိုင်သည့်နိုင်ငံအဖြစ် မလေးရှားနိုင်ငံက သမိုင်းမှတ်တိုင်သစ် စိုက်ထူနိုင်ခဲ့ကြောင်း Education Malaysia Global Services (EMGS) ၏ အမှုဆောင်အရာရှိချုပ် Novie Tajuddin က ပြောကြားခဲ့သည်။
Source - Bernama