ဩစတြေးလျ ပညာရေးသုတေသနအဖွဲ့က ကျောင်းများတွင် AI အသုံးပြုမှု အန္တရာယ်ကို သတိပေး

ပညာရေးကဏ္ဍတွင် AI နည်းပညာကို လျင်မြန်စွာ အံဝင်ခွင်ကျဖြစ်အောင် ပြုပြင်ပြောင်းလဲနေရချိန်တွင် သြစတြေးလျ ပညာရေးသုတေသနအဖွဲ့ (AERO) က ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်များနှင့် မူဝါဒချမှတ်သူများအတွက် အကြံပြုချက်များကို ထုတ်ပြန်လိုက်သည်။

AI သည် သင်ယူမှုရလဒ် အမှန်တကယ်ရရှိနေသလိုမျိုး ထင်ယောင်ထင်မှားဖြစ်စေကြောင်း AERO အမှုဆောင်အရာရှိချုပ် ဒေါက်တာ ဂျင်နီ ဒိုနိုဗန်က ပြောကြားခဲ့သည်။ 

ပြည်ပသုတေသနပြုချက်များအရ AI ကို သုံးစွဲသည့် ကျောင်းသားများသည် စာမေးပွဲခန်းအတွင်း အဆိုပါ နည်းပညာကို မသုံးရတော့သည့်အခါ မိမိတို့ရရှိခဲ့သော ရလဒ်ကောင်းများကို ပြန်လည်မပြသနိုင်တော့ကြောင်း တွေ့ရှိရသည်။

"ဒါကို မိမိဦးနှောက်စွမ်းအားကို မသုံးဘဲ AI ကို တွေးခိုင်းခြင်း “Cognitive Outsourcing” လုပ်သည်ဟု ခေါ်ပြီး အစပျိုးသင်ယူသူများဖြစ်သည့် ကျောင်းသားများအတွက် စိုးရိမ်စရာ အန္တရာယ်ရှိပါတယ်" ဟု သူမက သတိပေးခဲ့သည်။ 

"ကျောင်းသားတွေအနေနဲ့ ကိုယ်တိုင် စဉ်းစားတွေးခေါ်မှု မရှိဘူးဆိုရင် တီထွင်ဖန်တီးနိုင်စွမ်းရှိတဲ့ ဝေဖန်ပိုင်းခြားနိုင်သူတွေဖြစ်လာဖို့ လိုအပ်တဲ့ ဗဟုသုတတွေကို ဘယ်တော့မှ တည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။ ကျောင်းသားတွေမှာ သူတို့ရဲ့ ရေရှည်မှတ်ဉာဏ်ထဲမှာ စွဲမြဲနေပြီး အမှန်တကယ် လေ့လာမှတ်သားထားတဲ့ အခြေခံဗဟုသုတတွေ ရှိနေဖို့ အရမ်း အရေးကြီးပါတယ်" ဟု သူမက ဆိုသည်။

မူလတန်း ပထမ (၃) နှစ်မှာ AI အသုံးပြုမှုကို လုံးဝရှောင်ကြဉ်သင့်ပြီး ထိုနောက်ပိုင်းမှသာ တိုက်ရိုက်သင်ကြားနည်း (Explicit instruction) ကဲ့သို့သော ခိုင်မာသည့် သင်ကြားရေးနည်းလမ်းများနှင့် ပေါင်းစပ်၍ ဂရုတစိုက် သုံးစွဲသင့်သည်ဟု ပြောကြားခဲ့သည်။

AI သည် နောက်ပိုင်းတွင် အဆင့်မြင့်ပညာရေးမှာ မဖြစ်မနေ လိုလာမည်ဖြစ်သောကြောင့် အထက်တန်းကျောင်းများတွင် စတင် မိတ်ဆက်ပေးရန် အရေးကြီးကြောင်း ဒေါက်တာ ဒိုနိုဗန်က ပြောကြားခဲ့သည်။

ကျောင်းသားများအား အဖြေတိုက်ရိုက်ပေးခြင်း သို့မဟုတ် စာစီစာကုံးများ ရေးသားပေးခြင်းမျိုး မဟုတ်ဘဲ၊ ကျိုးကြောင်းဆင်ခြင်တွေးခေါ်မှုမှတစ်ဆင့် လမ်းညွှန်ပေးနိုင်သည့် AI မျိုး ဖန်တီးပြီး အသုံးပြုသင့်ကြောင်း သူမက အကြံပြုခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ PISA စာမေးပွဲစစ်ဆေးမှုများတွင် သြစတြေးလျကျောင်းသားများ၏ အမှတ်ကျဆင်းမှုများအတွက် စခရင်ကြည့်ချိန် လွန်ကဲခြင်းက အကြောင်းအရင်းတစ်ခုဖြစ်ကြောင်း ဩစတေးလျနိုင်ငံ ပညာရေးဝန်ကြီး Jason Clare က မှတ်ချက်ပြုခဲ့သည်။

"စာမေးပွဲရလဒ်တွေကို လေ့လာဆန်းစစ်မှုအရ စခရင်ကို အချိန် အများကြီးသုံးတဲ့ ကျောင်းသားတွေဟာ မသုံးတဲ့သူတွေထက် အမှတ်နည်းတာကို ပြသနေပါတယ်" ဟု မစ္စတာ Clare က ပြောသည်။

"ကျောင်းသားတွေအနေနဲ့ ဒစ်ဂျစ်တယ်ကျွမ်းကျင်မှုတွေကို သင်ယူဖို့ လိုအပ်ပါတယ်။ အဲဒီအထဲမှာ AI ကို ဘယ်လိုသုံးရမလဲ၊ ဘယ်လိုမသုံးရဘူးလဲဆိုတာတွေ ပါဝင်ပါတယ်။ " ဟု ဝန်ကြီးက ပြောသည်။ 

International News Read 12 times