စစ်ဘေးသင့်ကလေးများ၏ ပညာရေးအတွက် ဒေါ်လာသန်း (၄၀၀) ကျော် လှူဒါန်း

ကမ္ဘာတစ်ဝန်းရှိ စစ်မက်ဖြစ်ပွားရာ ဒေသများနှင့် အရေးပေါ်အခြေအနေ ကြုံတွေ့နေရသည့် နေရာများမှ ကလေးငယ်များ၏ ပညာရေးကို ထောက်ပံ့ရန်အတွက် အလှူရှင်နိုင်ငံများက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ကျော် (၄၀၅.၈ သန်းခန့်) ကို လှူဒါန်းရန် ကတိပြုလိုက်သည်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ကျင်းပသည့် ရန်ပုံငွေရှာဖွေပွဲ၌ ကုလသမဂ္ဂ၏ ပညာရေးရန်ပုံငွေအဖွဲ့ဖြစ်သော Education Cannot Wait (ECW) ထံသို့ ယခုကဲ့သို့ လှူဒါန်းခဲ့ကြခြင်းဖြစ်သည်။

ယခင်က ရရှိထားပြီးဖြစ်သော အလှူငွေများနှင့် ယခုထပ်မံရရှိသည့် အလှူငွေများ စုစုပေါင်းပါက ဒေါ်လာ ၅၄၁.၆ သန်း အထိ ရှိလာပြီဖြစ်ရာ၊ ECW အဖွဲ့၏ ၂၀၂၇-၂၀၃၀ မဟာဗျူဟာစီမံကိန်းအတွက် လျာထားသည့် ရည်မှန်းချက်ပန်းတိုင် ဒေါ်လာ သန်း ၆၀၀ ၏ (၉၀%) ကျော်ကို ရရှိသွားပြီ ဖြစ်သည်။

အဓိကလှူဒါန်းသည့် နိုင်ငံများမှာ ဂျာမနီနိုင်ငံက ယူရို သန်း ၁၀၀ (ဒေါ်လာ ၁၁၃ သန်းခန့်) ဖြင့် အများဆုံး လှူဒါန်းခဲ့ပြီး၊ ဗြိတိန်၊ နော်ဝေနှင့် ဆွစ်ဇာလန်နိုင်ငံတို့ကလည်း အသီးသီး ပါဝင်ပံ့ပိုးခဲ့ကြသည်။

ယခင်က ဤအစီအစဉ်တွင် အဓိကပါဝင်လှူဒါန်းလေ့ရှိသည့် အမေရိကန်ပြည်ထောင်စုသည် သမ္မတ ဒေါ်နယ်ထရမ့်၏ နိုင်ငံခြားအကူအညီ လျှော့ချရေးနှင့် အသက်ကယ်ဆယ်ရေးဆိုင်ရာ လူသားချင်းစာနာမှု အကူအညီများကိုသာ ဦးစားပေးရေး မူဝါဒကြောင့် ယခုအလှူရှင်စာရင်းတွင် ပါဝင်ခြင်းမရှိတော့ပေ။

ဤရန်ပုံငွေကို ယူကရိန်းနှင့် ဆူဒန်ကဲ့သို့ စစ်မက်ဒဏ်ခံနေရသည့် နိုင်ငံများအပါအဝင် ကမ္ဘာတစ်ဝန်းရှိ လိုအပ်ချက်ရှိသော ကလေးငယ်ပေါင်း (၁၀) သန်း ၏ ပညာရေး၊ စာသင်ကျောင်းများ တည်ဆောက်ရေး၊ အစားအစာနှင့် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများအတွက် အသုံးပြုသွားမည်ဖြစ်သည်။

Source - The Straits Times

International News Read 11 times