စင်္ကာပူကျောင်း (၅၈) ကျောင်းမှ နိုင်ငံတကာကျောင်းသားများ Work Pass မလိုဘဲ အလုပ်လုပ်နိုင်

စင်္ကာပူနိုင်ငံတွင် ပညာသင်ကြားနေသော နိုင်ငံတကာကျောင်းသားများအနေဖြင့် သီးခြားအလုပ်လုပ်ခွင့်ပါမစ် (Work Pass) လျှောက်ထားရန်မလိုဘဲ အလုပ်လုပ်ခွင့်ရှိသော ပညာရေးအဖွဲ့အစည်း (၅၈) ခု၏ စာရင်းကို စင်္ကာပူလူ့စွမ်းအားဝန်ကြီးဌာန (Ministry of Manpower – MOM) အောက်တိုဘာလက ထုတ်ပြန်ခဲ့သည်။

အဆိုပါစာရင်းတွင် တက္ကသိုလ်များ၊ နိုင်ငံတကာကျောင်းများ၊ Polytechnic ကောလိပ်များနှင့် အထူးပြုပညာရေးအဖွဲ့အစည်းများ ပါဝင်သည်။

ယင်းကျောင်းများတွင် အချိန်ပြည့် တက်ရောက်နေသော နိုင်ငံကတာကျောင်းသားများသည် အစိုးရ၏ စည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီပါက ကျောင်းဖွင့်ချိန် သို့မဟုတ် ကျောင်းပိတ်ရက်များတွင် Work Pass မရှိဘဲ အလုပ်လုပ်ခွင့်ရှိကြောင်း သိရသည်။

အဆိုပါ အလုပ်လုပ်ခွင့်အတွက် ကျောင်းသားများသည် အသက် (၁၄) နှစ်နှင့်အထက် ဖြစ်ရမည်ဖြစ်ပြီး စင်ကာပူနိုင်ငံ လူဝင်မှုကြီးကြပ်ရေးနှင့် နယ်စပ်စစ်ဆေးရေးအာဏာပိုင်အဖွဲ့က တရားဝင် ထုတ်ပေးထားသည့် Student's Pass ကို ကိုင်ဆောင်ထားရမည်ဖြစ်သည်။  

သတ်မှတ်ချက်များနှင့် ကိုက်ညီသော ကျောင်းသားများသည် ကျောင်းပိတ်ရက်အတွင်း Work Pass မလိုဘဲ အလုပ်လုပ်နိုင်ပြီး အလုပ်မစတင်မီ MOM ထံ သီးခြားအကြောင်းကြားရန်လည်း မလိုအပ်ကြောင်းနှင့် ကျောင်းတက်နေစဉ် အလုပ်လုပ်မည်ဆိုပါက တစ်ပတ်လျှင် အများဆုံး (၁၆) နာရီသာ လုပ်ခွင့်ရှိကြောင်း ဖော်ပြထားသည်။

ကျောင်းပိတ်ရက် အလုပ်လုပ်ခွင့်ရှိသည့်ကျောင်းစာရင်းနှင့် ကျောင်းတက်နေစဉ် အလုပ်လုပ်ခွင့်ရှိသည့် ကျောင်းစာရင်း ကွာခြားမှုရှိသည်။ အသေးစိတ်ကြည့်ရန် > https://www.mom.gov.sg/passes-and-permits/work-pass-exemption-for-foreign-students

အလုပ်လုပ်ခွင့်ပါမစ် ကင်းလွတ်ခွင့်ရရှိနိုင်သည့် ပညာရေးအဖွဲ့အစည်းများတွင် ထိပ်တန်းတက္ကသိုလ်များဖြစ်သည့် National University of Singapore (NUS)၊ Nanyang Technological University (NTU)၊ Singapore Management University (SMU)၊ Singapore Polytechnic နှင့် Temasek Polytechnic တို့ ပါဝင်သည်။

ထို့အပြင် Singapore American School၊ Canadian International School၊ Australian International School၊ Stamford American International School၊ Dulwich College (Singapore) နှင့် United World College of South East Asia (UWCSEA) အပါအဝင် နိုင်ငံတကာကျောင်းများလည်း ပါဝင်ကြောင်း သိရသည်။

သတ်မှတ်ထားသည့် ပညာရေးအဖွဲ့အစည်းစာရင်းတွင် မပါဝင်သော ကျောင်းသားများအနေဖြင့် အလုပ်လုပ်ကိုင်ရန် လိုအပ်သည့် Work Pass ကို သီးခြားလျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

International News Read 6 times