အမေရိကန်နိုင်ငံရှိ Stanford တက္ကသိုလ်သည် ကမ္ဘာကျော် K-pop အဖွဲ့ BTS ၏ ခေါင်းဆောင် RM (ကင်မ်နမ်ဂျွန်း) ၏ ဖန်တီးမှုဆိုင်ရာ ခံယူချက်များနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာပျော်ရွှင်မှုအပေါ် ရှုမြင်ပုံများကို အခြေခံထားသည့် သင်တန်းတစ်ခုကို ဖွင့်လှစ်ပို့ချလျက်ရှိသည်။
အဆိုပါသင်တန်းကို “Namjooning, and Other Well-being Inspiration from BTS” ဟု အမည်ပေးထားပြီး အနုပညာ၊ စာပေ၊ ဖန်တီးမှုဆိုင်ရာ အခက်အခဲများ၊ မိမိကိုယ်ကို ချစ်မြတ်နိုးခြင်းနှင့် မိမိကိုယ်ကို နားလည်သိရှိခြင်း စသည့် အကြောင်းအရာများကို လေ့လာသင်ယူရမည်ဖြစ်သည်။
သင်တန်းအမည်တွင် ပါဝင်သည့် “Namjooning” ဟူသော အသုံးအနှုန်းသည် BTS ပရိသတ်များအကြား အသုံးများသည့် စကားလုံးတစ်ခုဖြစ်ပြီး နေ့စဉ်ဘဝ၏ အလုပ်များမှုများမှ ခေတ္တအနားယူကာ သဘာဝအလှတရားများနှင့် အနုပညာကို ခံစားခြင်း၊ စာဖတ်ခြင်း၊ မိမိ၏ အတွေးအမြင်များကို ပြန်လည်သုံးသပ်ခြင်းတို့အတွက် အချိန်ပေးခြင်းကို ရည်ညွှန်းသည်။
အဆိုပါသင်တန်းသည် ပညာသင်ယူမှုခရက်ဒစ် (၃) ခု ရရှိနိုင်သည့် ဆွေးနွေးသင်ကြားမှုပုံစံသင်တန်း (Seminar) ဖြစ်ပြီး တက္ကသိုလ်ပထမနှစ် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်နိုင်သည်။
သင်တန်းကို Stanford တက္ကသိုလ်၏ စိတ်ရောဂါကုသရေးနှင့် အပြုအမူဆိုင်ရာ သိပ္ပံဌာနမှ တွဲဖက်ပါမောက္ခ James R. Jacobs က သင်ကြားပို့ချပါမည်။ သင်တန်းတွင် အိပ်ရေးဝဝအိပ်ရန်ကဲ့သို့သော အခြေခံကျန်းမာရေး အကြံပြုချက်များထက် ပိုမိုနက်ရှိုင်းသည့် အကြောင်းအရာများကိုလည်း လေ့လာရမည်ဖြစ်သည်။
အထူးသဖြင့် လူတစ်ဦးအတွက် အိပ်ချိန်မည်မျှလိုအပ်သည်၊ အိပ်စက်မှုအမျိုးအစားအားလုံးသည် ခန္ဓာကိုယ်နှင့် စိတ်ကို တူညီစွာ အနားရစေသလား၊ နေ့ခင်းဘက် တစ်ရေးအိပ်ခြင်းသည် မည်သို့အကျိုးသက်ရောက်မှုရှိသလဲ စသည့် မေးခွန်းများကို ကိန်းဂဏန်းအချက်အလက်များအပေါ် အခြေခံသည့် သုတေသနနည်းလမ်းများဖြင့် လေ့လာရမည်ဖြစ်သည်။
သင်တန်းသားများသည် ဝတ္ထုစာပေများနှင့် သိပ္ပံသုတေသနစာတမ်းများကို ဖတ်ရှုခြင်း၊ အနုပညာလက်ရာများကို ခွဲခြမ်းစိတ်ဖြာခြင်းနှင့် RM ၏ ဖန်တီးမှုခရီးစဉ်အကြောင်း ပါဝင်သည့် ဗီဒီယိုများအပါအဝင် သက်ဆိုင်ရာဗီဒီယိုများကို ကြည့်ရှုလေ့လာခြင်းတို့ ပြုလုပ်ရမည်ဖြစ်သည်။
သင်တန်း၏ အကဲဖြတ်မှုလုပ်ငန်းများတွင် Assignment ရေးသားတင်ပြခြင်း၊ Presentation ပြုလုပ်ခြင်းနှင့် RM ၏ ၂၀၂၂ ခုနှစ်တွင် ထွက်ရှိခဲ့သော တစ်ကိုယ်တော်အယ်လ်ဘမ် “Indigo” ကို အခြေခံ၍ ဖန်တီးရမည့် Final Project တစ်ခု ပြုလုပ်ခြင်းတို့ ပါဝင်သည်။
Source - The Straits Time