ပညာဝမ်းစာပြည့်ပြီး ဝါသနာပါလို့ ကျောင်းတစ်ကျောင်းဖွင့်ကာ စီးပွားရေးလုပ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲဆိုတာကို ဒီနေ့မှာ ဖော်ပြပေးသွားပါမယ်။ သင်က သင်တန်းကျောင်းပဲဖြစ်ဖြစ်၊ ပုဂ္ဂလိကအခြေခံပညာကျောင်းပဲဖြစ်ဖြစ်၊ မူကြိုကျောင်းပဲဖြစ်ဖြစ် စတင်ဖွင့်လှစ်တော့မယ်ဆိုရင် ဒီအချက်တွေကို ကြိုတင် စဉ်းစားသင့်ပါတယ်။
၁။ ကျောင်းလိုင်စင်လျှောက်ခြင်း
မြန်မာနိုင်ငံမှာ ကျောင်းအမျိုးအစားအလိုက် လိုင်စင်လျှောက်ထားပုံတွေ၊ သတ်မှတ်လိုအပ်ချက်စံနှုန်းတွေ တစ်ခုနဲ့တစ်ခုက မတူပါဘူး။ ဒါကြောင့် ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ မူဝါဒတွေကို လိုက်နာပြီး လမ်းညွှန်ချက်တွေကို စောင့်ကြည့်နေသင့်ပါတယ်။
ပုဂ္ဂလိကကျောင်း မှတ်ပုံတင်ခြင်း > https://www.edge.com.mm/article/private-schools-registration.html
ပုဂ္ဂလိကတက္ကသိုလ်နှင့် ကောလိပ်များ မှတ်ပုံတင်ခြင်း > https://www.edge.com.mm/article/private-university-and-college-in-myanmar.html
မူကြိုကျောင်း မှတ်ပုံတင်ခြင်း > https://www.edge.com.mm/article/earlychildhood-preschool.html
၂။ တည်နေရာစဉ်းစားခြင်း
ကျောင်းသားတွေအတွက် လုံခြုံစိတ်ချရပြီး သွားလာရ လွယ်ကူတဲ့ နေရာကို ရွေးချယ်ပါ။ ချောင်ကျတဲ့နေရာထက် လူစည်ကားရာနေရာ၊ သယ်ယူပို့ဆောင်ရေး လွယ်ကူတဲ့နေရာဆိုရင် ကျောင်းကို လူစိတ်ဝင်စားမှု ပိုရပါလိမ့်မယ်။ နေရာအကျယ်အဝန်းအနေနဲ့ စာသင်ခန်း၊ ကစားကွင်း၊ စာကြည့်တိုက် စတဲ့ နေရာတွေအတွက်ပါ လုံလုံလောက်လောက်လောက်ရှိရင် ပိုကောင်းပါတယ်။
၃။ ကုန်ကျစရိတ်တွက်ချက်ခြင်း
ရှင်းလင်းတိကျတဲ့ ငွေကြေးအစီအစဉ်တစ်ခု ရေးဆွဲထားသင့်ပါတယ်။ ကျောင်းဖွင့်တော့မယ်ဆိုရင် အခန်းခ၊ ပရိဘောဂပစ္စည်းကြေး၊ သင်ထောက်ကူပစ္စည်းဖိုး၊ ဆရာတွေ/ဝန်ထမ်းတွေအတွက် လခနဲ့ တခြားအထွေထွေအသုံးစရိတ်တို့လည်း ပါဝင်ပါမယ်။
ဒါတွေအပြင် ပြုပြင်ထိန်းသိမ်းမှု စရိတ်တို့ကိုလည်း ကြိုတင်မှန်းဆပြီး ထည့်တွက်ထားသင့်ပါတယ်။ သင်တန်းကြေး (သို့) ကျောင်းလခမှ ပြန်ရမယ့်ငွေနဲ့ ချိန်ညှိပြီး မရှိမဖြစ် လိုအပ်တဲ့ အရာတွေအတွက်သာ စတင် အကုန်အကျခံဖို့ အကြုံပြုပါတယ်။
၄။ ပရိဘောဂတွေနဲ့ လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူခြင်း
အဓိကလိုအပ်တာက စာသင်ခန်းပရိဘောဂတွေ၊ စားပွဲနဲ့ ကုလားထိုင်၊ စာအုပ်စင်တွေ၊ ဗီဒိုတွေပဲ ဖြစ်ပါတယ်။ သင်ကြားရေးပစ္စည်းတွေအနေနဲ့ စာအုပ်တွေ၊ စာရေးကိရိယာတွေ၊ သင်ထောက်ကူပစ္စည်းတွေ၊ ကတ်ကြေး၊ ကော်၊ စက္ကူ စတဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ သင်ပုန်းတွေ၊ ပရောဂျက်တာတွေ လိုအပ်ပါတယ်။
နောက်ထပ်လိုအပ်တာကတော့ သန့်ရှင်းရေးသုံးပစ္စည်းတွေဖြစ်တဲ့ တံမြက်စည်း၊ ကြမ်းတိုက်တံ၊ ဆပ်ပြာ၊ ပိုးသတ်ဆေး စတာတွေအပြင် ဘေးကင်းရှင်းရေးပစ္စည်းတွေအနေနဲ့ အရေးပေါ်ဆေးအိတ်၊ မီးသတ်ဆေးဘူး၊ အချက်ပြဆိုင်းဘုတ် စတာတွေလည်း ဝယ်ထားသင့်ပါတယ်။
၅။ သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးနည်းလမ်းတွေ ရွေးချယ်ခြင်း
သင်ကျောင်းမှာ အသုံးပြုမယ့် သင်ရိုးညွှန်းတမ်းကို ကျောင်းသားတွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး စဉ်းစားပါ။ မြန်မာအစိုးရရဲ့ အမျိုးသားသင်ရိုးညွှန်းတမ်းကို အသုံးပြုမှာလား၊ Cambridge (သို့) IB တို့လို နိုင်ငံတကာသင်ရိုးညွှန်းတမ်းကို အသုံးပြုမှာလား ရွေးချယ်နိုင်ပါတယ်။ သင်သုံးမယ့် သင်ရိုးညွှန်းတမ်းနဲ့ သင်ကြားရေးနည်းလမ်းတွေကို သင်တားဂတ်ထားမယ့် မိဘတွေ၊ ကျောင်းသားတွေအပြင် ကျောင်းရဲ့ ပန်းတိုင်တွေကိုပါ ထည့်တွက်ပြီး ဆုံးဖြတ်သင့်ပါတယ်။
၆။ ဝန်ထမ်းနဲ့ ဆရာ ခေါ်ယူခြင်း
အရည်အသွေးပြည့်မီတဲ့ ပညာရေးအတွက် အရည်အချင်းပြည့်မီတဲ့ ဆရာတွေကို ခန့်အပ်နိုင်ဖို့က အရေးကြီးပါတယ်။ ကျောင်းသားနဲ့ ဆရာအချိုးက အတန်းငယ်လေးတွေအတွက် ၁:၁၀၊ အတန်းကြီးတွေအတွက် ၁:၂၀ ဆိုပြီး ရှိသင့်ပါတယ်။ သင့်ဘက်ဂျက်နဲ့ ကိုက်ညီမယ့် ဝန်ထမ်းလစာတွေကို ရာထူးတွေအလိုက် သတ်မှတ်ပေးရပါမယ်။
၇။ စျေးကွက်ရှာဖွေခြင်း
နိဒါန်းမှာ ပြောခဲ့သလိုပဲ ကျောင်းတည်ထောင်တယ်ဆိုတာ စီးပွားရေးတစ်ခု စတင်လိုက်တာပါ။ ဒါကြောင့် ဆိုရှယ်မီဒီယာတွေသုံးပြီး ကျောင်းအကြောင်း လူသိများအောင် ကြော်ငြာပါ။ ကြောငြာတဲ့နေရာမှာလည်း သင်တားဂတ်ထားမယ့် ကျောင်းသား (သို့) မိဘတွေရဲ့ အသက်အရွယ်၊ နေထိုင်ရာနေရာ၊ ဝင်ငွေ၊ စိတ်ဝင်စားမှု၊ လိုအပ်ချက် စတာတွေကို လေ့လာပြီးမှ ကြော်ငြာသင့်ပါတယ်။ ဒါ့အပြင် ကျောင်းဖွင့်ပွဲအနေနဲ့ ကျောင်းစတင်အပ်နှံသူတွေကို လျှော့စျေးတွေ၊ လက်ဆောင်တွေ ပေးဖို့လည်း မမေ့ပါနဲ့။