မြန်မာနိုင်ငံမှာ ပုဂ္ဂလိကတက္ကသိုလ်တွေဟာ ဘယ်လိုအင်္ဂါရပ်တွေနဲ့ ပြည့်စုံရမလဲ?

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လကနေစပြီး ပုဂ္ဂလိကတက္ကသိုလ်တိုင်းကို ကောလိပ်အဆင့်သာ သတ်မှတ်ပြီး ဖွင့်လှစ်ခွင့် ပေးခဲ့တာကို အားလုံးလည်း သိကြမယ်ထင်ပါတယ်။ ဒါဘာကြောင့်လဲဆိုရင် ပုဂ္ဂလိကပညာရေးဥပဒေမှာ ပြဌာန်းထားတဲ့ တက္ကသိုလ်အင်္ဂါရပ် သတ်မှတ်ချက်တွေနဲ့ မကိုက်ညီလို့ဖြစ်ပါတယ်။

ဒါကြောင့် ပုဂ္ဂလိကအဆင်မြင့်ပညာကျောင်းတည်ထောင်ထားသူတွေ၊ စတင်တည်ထောင်လိုသူတွေအတွက် သိကိုသိထားရမယ့် ကျောင်းအမျိုးအစားတွေ၊ သတ်မှတ်ချက်တွေ၊ မှတ်ပုံတင်လျှောက်ထားပုံတွေနဲ့ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။  

အဆင့်မြင့်ပညာရေးကဏ္ဍမှာ ကျောင်းအမျိုးအစား (၅) မျိုး ခွဲခြားထားပါတယ်။

(က) ကိုယ်ပိုင်ဘွဲ့များ အပ်နှင်းပါက တက္ကသိုလ်

(ခ) နိုင်ငံခြားတက္ကသိုလ်၏ သင်ရိုးညွှန်းတမ်းဖြင့် နိုင်ငံခြားတက္ကသိုလ်က စီမံအုပ်ချုပ်ပြီး ဘွဲ့များအပ်နှင်းပါက နိုင်ငံခြားတက္ကသိုလ် Branch

(ဂ) မိမိသင်ရိုးညွှန်းတမ်းဖြင့် ဘွဲ့သင်တန်း (Programmes) များကို နိုင်ငံခြားတက္ကသိုလ်က စိစစ်အသိအမှတ်ပြုပြီး အဆိုပါတက္ကသိုလ်နှင့် ပူးတွဲ၍ Joint Degree များ အပ်နှင်းပါက တက္ကသိုလ်

(ဃ) ကိုယ်ပိုင်ဒီပလိုမာ အပ်နှင်းပါက (သို့) နိုင်ငံခြားသင်ရိုးဖြင့် မိမိကျောင်းတွင် သင်ကြားပြီး နိုင်ငံခြားဘွဲ့/ဒီပလိုမာ အပ်နှင်းပါက ကောလိပ်

(င) လက်မှတ် (Certificate) အပ်နှင်းပါက စင်တာ (Centre)

ပုဂ္ဂလိက အဆင့်မြင့်ပညာကျောင်းတွေ သတိပြုရမယ့်အချက်များ

  • သတ်မှတ်ထားတဲ့ တက္ကသိုလ်အင်္ဂါရပ်တွေနဲ့ ပြည့်စုံမှ တက္ကသိုလ်၊ ကောလိပ်အဖြစ် မှတ်ပုံတင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။
  • အပိုင်း (ခ) မှအပ နိုင်ငံခြားတက္ကသိုလ်ရဲ့ နာမည်ကို သုံးစွဲခြင်း မပြုရ။
  • တက္ကသိုလ်/ကောလိပ်/စင်တာရဲ့ အမည်မှာ အမျိုးသား (National) ဆိုတဲ့ စကားလုံးကို ထည့်သွင်းသုံးစွဲခြင်း မပြုရ။
  • နိုင်ငံခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ထားတဲ့ကျောင်းတွေဟာ သက်ဆိုင်ရာ နိုင်ငံခြားတက္ကသိုလ်ရဲ့ Vice President/Vice Chancellor ထောက်ခံချက်ကို တင်ပြရပါမယ်။

ပုဂ္ဂလိကတက္ကသိုလ်တွေဟာ အောက်ပါအချက်တွေနဲ့ ကိုက်ညီမှု ရှိရပါမယ်။

  • မဟာဌာန (Faculty) အနည်းဆုံး (၂) ခုနဲ့ သင်ကြားရေးဌာန (Department) အနည်းဆုံး (၄) ခု ရှိရပါမယ်။ အထူးပြုဘာသာရပ် (၃) ခုနဲ့ အနည်းဆုံး ဘွဲ့အစီအစဉ် (၃) ခု ရှိရပါမယ်။
  • သင်ကြားရေးဌာနတစ်ခုကို အနည်းဆုံး ပါမောက္ခ (၁) ဦး၊ တွဲဖက်ပါမောက္ခ (၁) ဦး၊ ကထိက (၂) ဦး ရှိရပါမယ်။ ပါမောက္ခဖြစ်ရင် အနည်းဆုံး ပါရဂူဘွဲ့ ရထားဖို့ လိုအပ်ပြီး ကျန်ဆရာ၊ ဆရာမတွေကတော့ အနည်းဆုံး မဟာဘွဲ့ ရထားရပါမယ်။
  • ဆရာ-ကျောင်းသားအချိုးမှာ ဘွဲ့ကြိုသင်တန်းတွေအတွက် အနည်းဆုံး (၁:၃၀) နဲ့ သိပ္ပံလက်တွေ့ခန်းတွေအတွက် အနည်းဆုံး (၁:၂၀) ရှိရပါမယ်။ 
  • နိုင်ငံခြားတက္ကသိုလ် (Branch) မှလွဲပြီး ပုဂ္ဂလိကတက္ကသိုလ်တိုင်းမှာ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမဦးရေက စုစုပေါင်း ဆရာ၊ ဆရာမဦးရေရဲ့ အနည်းဆုံး (၅၀%) ရှိရပါမယ်။
  • နိုင်ငံခြားတက္ကသိုလ် (Branch) မှလွဲပြီး ပုဂ္ဂလိကတက္ကသိုလ်တိုင်းမှာ မြန်မာနိုင်ငံသားဝန်ထမ်းဦးရေက စုစုပေါင်းဝန်ထမ်းဦးရေရဲ့ အနည်းဆုံး (၆၀%) ရှိရပါမယ်။

ပုဂ္ဂလိကကောလိပ်တွေဟာ အောက်ပါအချက်တွေနဲ့ ကိုက်ညီမှုရှိရပါမယ်။

  • သင်ကြားရေးဌာန (Department) အနည်းဆုံး (၃) ခု ရှိရပါမယ်။ အနည်းဆုံး ဒီပလိုမာအစီအစဉ် (၃) ခု (သို့) နိုင်ငံခြားဘွဲ့အစီအစဉ် (၂) ခု ရှိရပါမယ်။
  • သင်ကြားရေးဌာနတစ်ခုကို အနည်းဆုံး ပါမောက္ခ (၁) ဦး၊ တွဲဖက်ပါမောက္ခ (၁) ဦး၊ ကထိက (၂) ဦး ရှိရပါမယ်။ ပါမောက္ခဖြစ်ရင် အနည်းဆုံး ပါရဂူဘွဲ့ ရထားဖို့ လိုအပ်ပြီး ကျန်ဆရာ၊ ဆရာမတွေကတော့ အနည်းဆုံး မဟာဘွဲ့ ရထားရပါမယ်။
  • ဆရာ-ကျောင်းသားအချိုးမှာ ဘွဲ့ကြိုသင်တန်းတွေအတွက် အနည်းဆုံး (၁:၃၀) နဲ့ သိပ္ပံလက်တွေ့ခန်းတွေအတွက် အနည်းဆုံး (၁:၂၀) ရှိရပါမယ်။ 
  • နိုင်ငံခြားတက္ကသိုလ် (Branch) မှလွဲပြီး ပုဂ္ဂလိကတက္ကသိုလ်တိုင်းမှာ မြန်မာနိုင်ငံသား ဆရာ၊ ဆရာမဦးရေက စုစုပေါင်း ဆရာ၊ ဆရာမဦးရေရဲ့ အနည်းဆုံး (၅၀%) ရှိရပါမယ်။
  • နိုင်ငံခြားတက္ကသိုလ် (Branch) မှလွဲပြီး ပုဂ္ဂလိကတက္ကသိုလ်တိုင်းမှာ မြန်မာနိုင်ငံသားဝန်ထမ်းဦးရေက စုစုပေါင်းဝန်ထမ်းဦးရေရဲ့ အနည်းဆုံး (၆၀%) ရှိရပါမယ်။

ပုဂ္ဂလိကစင်တာတွေနဲ့ ပတ်သက်ပြီးတော့ အပေါ်ကလို စည်းမျဉ်း၊ စည်းကမ်းတွေ သီးသန့်ထုတ်ပြန်ထားတာမျိုး မရှိပါဘူး။ ဒါပေမဲ့ ဒေသဆိုင်ရာ ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့က ညွှန်ကြားထားတဲ့ လိုအပ်ချက်တွေ၊ စည်းကမ်းချက်တွေကိုတော့ လိုက်နာဖို့ လိုအပ်ပါတယ်။

ပုဂ္ဂလိကကျောင်းမှတ်ပုံတင်တဲ့အခါ ဘာတွေလိုအပ်လဲ?

  • ဒေသဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ထံမှ ထုတ်ယူထားတဲ့ မှတ်ပုံတင်လျှောက်လွှာပုံစံ
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ
  • နိုင်ငံခြားသားအတွက် နိုင်ငံကူးလက်မှတ်
  • ရင်းနှီးမြှပ်နှံမှုပုံစံ
  • မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်ရဲ့ ခွင့်ပြုမိန့်
  • မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှာ တင်သွင်းခဲ့တဲ့ Investment Bank Account နဲ့ ရင်းနှီးမြှပ်နှံမှုငွေပမာဏ 
  • လက်ရှိကျောင်းနာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဘဏ်စာရင်းရှိ လက်ကျန်ငွေပမာဏ
  • ပြည်တွင်းအခွန်များဦးစီးဌာနရဲ့  အခွန်ကြွေးကျန် ကင်းရှင်းကြောင်း ထောက်ခံစာ
  • ပညာရေးဝန်ကြီးဌာနနဲ့ သက်ဆိုင်တဲ့ ကျောင်းမဟုတ်ပါက သက်ဆိုင်ရာဝန်ကြီးဌာနရဲ့ တည်ထောင်ဖို့ ခွင့်ပြမိန့်
  • မှတ်ပုံတင်လျှောက်လွှာနဲ့အတူ ပူးတွဲတင်ရမယ့် စာရွက်စာတမ်းများ (အသေးစိတ်ကို အောက်ဆုံးလင့်ခ်မှာ ဖော်ပြပေးထားပါမယ်။)

မှတ်ပုံတင်ကြေးနဲ့ နှစ်စဉ်ကြေး

  • တက္ကသိုလ်ဖြစ်ရင် မှတ်ပုံတင်ကြေး ကျပ်သိန်း (၁၀၀) နဲ့ နှစ်စဉ်ကြေး ကျပ်သိန်း (၁၂၀)
  • ကောလိပ်ဖြစ်ရင် မှတ်ပုံတင်ကြေး ကျပ်သိန်း (၈၀) နဲ့ နှစ်စဉ်ကြေး ကျပ်သိန်း (၉၀)
  • စင်တာဖြစ်ရင် မှတ်ပုံတင်ကြေး ကျပ်သိန်း (၂၀) နဲ့ နှစ်စဉ်ကြေး ကျပ် (၂၅) သိန်း

ကျောင်းခွဲဖွင့်လှစ်ထားပါက တည်နေရာမတူညီတဲ့ ကျောင်းခွဲတစ်ခုချင်းစီအတွက် သီးခြားမှတ်ပုံတင် လျှောက်ထားရပါမယ်။ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကျောင်းတွေဟာ သက်ဆိုင်ရာ တက္ကသိုလ်၊ ကောလိပ်၊ စင်တာ မှတ်ပုံတင်လက်မှတ်ရရှိမှာဖြစ်ပြီး မကိုက်ညီရင် (၂) နှစ် သက်တမ်းရှိတဲ့ ယာယီပုဂ္ဂလိကကျောင်းလက်မှတ်ကိုသာ ထုတ်ပေးမှာ ဖြစ်ပါတယ်။

(၂) နှစ်အတွင်း သတ်မှတ်ချက်နဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်ပြီးပါက ပုဂ္ဂလိကကျောင်းမှတ်ပုံတင်လက်မှတ် ထုတ်ပေးမှာဖြစ်ပြီး မကိုက်ညီရင် ယာယီပုဂ္ဂလိကကျောင်း မှတ်ပုံတင်လက်မှတ်ကို ပြန်သိမ်းသွားမှာ ဖြစ်ပါတယ်။
 
ပုဂ္ဂလိကအဆင့်မြင့်ပညာကျောင်းမှတ်ပုံတင်ခြင်းဆိုင်ရာ ညွှန်ကြားချက်အပြည့်အစုံ

>> https://jeu.edu.mm/wp-content/uploads/2024/04/Myanmar-Private-Higher-Education_Directives_2023.pdf
=====================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

University / College Read 17 times