နေ့ကလေးထိန်းနဲ့ မူကြိုကျောင်းတွေ ဖွင့်လှစ်ချင်ရင် သိထားရမယ့် အချက်များ

နေ့ကလေးထိန်းဌာနနဲ့ မူလတန်းကြိုကျောင်းတွေကို စတင်ဖွင့်လှစ်လိုသူတွေ၊ ဖွင့်လှစ်ထားသူတွေအနေနဲ့ သိရှိထားသင့်တဲ့ အရေးကြီးအချက်တွေကို ဖော်ပြပေးသွားပါမယ်။

ဒီဆောင်းပါးမှာ ကျောင်းဖွင့်လှစ်ခွင့် လျှောက်လွှာတင်ခြင်း၊ လိုက်နာရမယ့် စည်းကမ်းသတ်မှတ်ချက်တွေ၊ မလိုက်နာပါက ရရှိမယ့် ပြစ်မှုပြစ်ဒဏ်တွေနဲ့ အယူခံဝင်ရမယ့်ပုံစံတွေ ပါဝင်ပါတယ်။ 

နေ့ကလေးထိန်းဌာန

နေ့ကလေးထိန်းဌာနဆိုတာက အသက် (၆) လပြည့်ပြီး အသက် (၃) နှစ်မပြည့်သေးတဲ့ ရှေးဦးအရွယ်ကလေးသူငယ်တွေကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနဲ့ ကျန်းမာရေး စတဲ့ ဘက်စုံဖွံ့ဖြိုးမှု ရရှိစေဖို့ ပြုစုပျိုးထောင်ပေးတဲ့ ဌာန၊ ကျောင်း (သို့) လုပ်ငန်းဖြစ်ပါတယ်။

မူလတန်းကြိုကျောင်း

မူလတန်းကြိုကျောင်းဆိုတာက အသက် (၃) နှစ်ကနေ (၅) နှစ်အထိ ကလေးငယ်တွေကို ကာယ၊ ဉာဏ၊ စာရိတ္တ၊ လူမှုဆက်ဆံရေး၊ စိတ်ခံစားမှု၊ အာဟာရနဲ့ ကျန်းမာရေး စတဲ့ဘက်စုံဖွံ့ဖြိုးမှု ရရှိစေဖို့နဲ့ ဘ၀တစ်သက်တာအတွက် အလေ့အကျင့်ကောင်းတွေ ရရှိစေဖို့ ပြုစုပျိုးထောင်ပေးတဲ့ ဌာန၊ ကျောင်း (သို့) လုပ်ငန်းဖြစ်ပါတယ်။

နေ့ကလေးထိန်းဌာန (သို့) မူကြိုကျောင်းအတွက် လျှောက်လွှာတင်ခြင်း

နေ့ကလေးထိန်းဌာနကိုဖြစ်စေ၊ မူလတန်းကြိုကျောင်းကိုဖြစ်စေ တည်ထောင်ဖွင့်လှစ်လိုတဲ့ ပြည်တွင်း၊ ပြည်ပမှ ပုဂ္ဂလိကအဖွဲ့အစည်းတွေဟာ တည်ထောင်ခွင့်ပြုမိန့်ကို တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးမှာ သတ်မှတ်ချက်တွေနဲ့အညီ လျှောက်ထားရပါမယ်။

တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးက လျှောက်လွှာကို စစ်ဆေးအတည်ပြုပြီးရင် သဘောထားမှတ်ချက်နဲ့အတူ တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့သို့ ဆက်လက်တင်ပြရပါမယ်။

တိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်ရေးအဖွဲ့က တိုင်းဒေသကြီး/ပြည်နယ်လူမှုဝန်ထမ်းရုံးရဲ့ တင်ပြချက်ကို လက်ခံရရှိတဲ့အခါ စိစစ်ပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ထပ်မံတင်ပြရပါတယ်။

နောက်ဆုံးမှာတော့ တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း (သို့) ငြင်းပယ်ခြင်းကို ဗဟိုကြီးကြပ်ရေးအဖွဲ့ရဲ့ သတ်မှတ်ထားတဲ့ သက်တမ်းနဲ့ စည်းကမ်းချက်တွေအတိုင်း ထုတ်ပေးမှာ ဖြစ်ပါတယ်။

တည်ထောင်ခွင့်ပြုမိန့် ထုတ်ပေးခံရမယ့် ဌာန (သို့) ကျောင်းက တည်ထောင်ခွင့်ပြုမိန့်မထုတ်ခင် အရင်ဆုံး မှတ်ပုံတင်ကြေး ပေးသွင်းဖို့ လိုအပ်ပါတယ်။

နေ့ကလေးထိန်းဌာနတွေအတွက် သတ်မှတ်ချက်များ

  • တာဝန်ခံကျောင်းအုပ်က အသက် (၂၅) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။
  • အစိုးရတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (သို့) ကလေးသူငယ်ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လက်မှတ် ရရှိထားသူ (သို့) သက်ဆိုင်ရာဒေသအခြေအနေအရ လူမှုဝန်ထမ်းဦးစီးဌာနက လက်ခံတဲ့ ပညာအရည်အချင်းရှိသူ ဖြစ်ရပါမယ်။
  • တာဝန်ခံကျောင်းအုပ်နဲ့ အနည်းဆုံးဆရာ (၁) ဦးက လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဖွင့်လှစ်တဲ့ (သို့) လက်ခံတဲ့ ရှေးဦးကလေးသူငယ်ပြုစုပျိုးထောင်ရေးသင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူတွေ ဖြစ်ရပါမယ်။
  • (၃) နှစ်မပြည့်မီကလေးငယ် ပြုစုပျိုးထောင်ရေးလမ်းညွှန်ချက်အပြင် သီးခြားညွှန်ကြားချက်တွေနဲ့အညီ ရှေးဦးအရွယ်ကလေးသူငယ်တွေကို ပြုစုစောင့်ရှောက်နိုင်ရပါမယ်။
  • အသက် (၁) နှစ်မပြည့်သေးသူတွေအတွက် အိပ်ဖို့နေရာ၊ ကစားဖို့နေရာနဲ့ လိုအပ်တဲ့ ပစ္စည်းတွေ ထားရှိရမယ့်အပြင် အသက် (၃) နှစ် မပြည့်သေးသူတွေအတွက်လည်း သင့်တော်တဲ့ နေရာနဲ့ ပစ္စည်းတွေ ထားရှိရပါမယ်။
  • အသက် (၂) နှစ်အောက် ကလေး (၃) ဦးကို ဆရာတစ်ဦး၊ အသက် (၂) နှစ်ကနေ (၃) နှစ်အထိ ကလေး (၆) ဦးကို ဆရာတစ်ဦး ရှိရပါမယ်။
  • နေ့ကလေးထိန်းဌာန ဖွင့်လှစ်မယ့် အဆောက်အအုံက အနည်းဆုံးဧရိယာပျမ်းမျှ (၁၈) စတုရန်းပေစီ အကျယ်အဝန်း ရှိရပါမယ်။
  • လူမှုဝန်ထမ်းဦးစီးဌာနက အခါသင့်သလို သတ်မှတ်တဲ့ အချက်တွေကို လိုက်နာနိုင်ရပါမယ်။

 မူလတန်းကြိုကျောင်းတွေအတွက် သတ်မှတ်ချက်များ

  • တာဝန်ခံကျောင်းအုပ်က အသက် (၂၅) နှစ်ပြည့်ပြီးသူ ဖြစ်ရပါမယ်။
  • အစိုးရတက္ကသိုလ်တစ်ခုခုမှ ဘွဲ့တစ်ခုခု (သို့) ကလေးသူငယ်ကျွမ်းကျင်မှုဆိုင်ရာ ဒီပလိုမာအောင်လက်မှတ် ရရှိထားသူ (သို့) သက်ဆိုင်ရာဒေသအခြေအနေအရ လူမှုဝန်ထမ်းဦးစီးဌာနက လက်ခံတဲ့ ပညာအရည်အချင်းရှိသူ ဖြစ်ရပါမယ်။
  • တာဝန်ခံကျောင်းအုပ်နဲ့ အနည်းဆုံးဆရာ (၁) ဦးက လူမှုဝန်ထမ်းဦးစီးဌာနက ကြီးကြပ်ဖွင့်လှစ်တဲ့ (သို့) လက်ခံတဲ့ မူလတန်းကြို ဆရာသင်တန်းတစ်ခုခုကို တက်ရောက်အောင်မြင်ပြီးသူတွေ ဖြစ်ရပါမယ်။
  • မူလတန်းကြိုအရွယ်ကလေးတွေကို ဘက်စုံဖွံ့ဖြိုးရေးသင်ရိုးညွှန်းတမ်း၊ ဆရာလက်စွဲ၊ သီးခြားညွှန်ကြားချက်တွေနဲ့အညီ ပြုစုပျိုးထောင်ပေးရပါမယ်။ 
  • အသက် (၃) နှစ်ကနေ (၅) နှစ်အတွင်း ကလေး (၁၅) ဦးကို ဆရာတစ်ဦး ရှိရပါမယ်။
  • နေ့ကလေးထိန်းဌာန ဖွင့်လှစ်မယ့် အဆောက်အအုံက အနည်းဆုံးဧရိယာပျမ်းမျှ (၁၈) စတုရန်းပေစီ အကျယ်အဝန်း ရှိရပါမယ်။
  • လူမှုဝန်ထမ်းဦးစီးဌာနက အခါသင့်သလို သတ်မှတ်တဲ့ အချက်တွေကို လိုက်နာနိုင်ရပါမယ်။ 

အရေးယူခြင်း

တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ (သို့) ဗဟိုကြီးကြပ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့ လုပ်ငန်းဆိုင်ရာ စည်းကမ်းချက်တစ်ချက်ချက်ကို ဖောက်ဖျက်ကြောင်း သိရရင် အောက်ပါအရေးယူမှုတစ်ခုခုကို ချမှတ်နိုင်ပါတယ်။

  • သတိပေးပြီး သတ်မှတ်ထားတဲ့ ဒဏ်ကြေးကို ပေးဆောင်စေခြင်း
  • တည်ထောင်ခွင့်ပြုမိန့် (သို့) ခွင့်ပြုချက်ကို ကာလကန့်သတ်ပြီး ရပ်ဆိုင်ခြင်း
  • တည်ထောင်ခွင့်ပြုမိန့် (သို့) ခွင့်ပြုချက်ကို ပယ်ဖျက်ခြင်း

အယူခံဝင်ခြင်း

နေ့ကလေးထိန်းဌာနနဲ့ မူလတန်းကြိုကျောင်းတွေက တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့ရဲ့ အရေးယူမှုကို မကျေနပ်ရင် အမိန့်ကို လက်ခံရရှိတဲ့နေ့မှ ရက်ပေါင်း (၃၀) အတွင်း ဗဟိုကြီးကြပ်ရေးအဖွဲ့ထံ တင်ပြပြီး အယူခံဝင်နိုင်ပါတယ်။

ဗဟိုကြီးကြပ်ရေးအဖွဲ့က တင်ပြချက်ကို ပြန်လည်သုံးသပ်ပြီး တိုင်းဒေသကြီး/ပြည်နယ်ကြီးကြပ်ရေးအဖွဲ့မှ ချမှတ်ထားတဲ့အမိန့်ကို အတည်ပြုခြင်း (သို့) ပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။

နေ့ကလေးထိန်းဌာနနဲ့ မူလတန်းကြိုကျောင်းတွေက ဗဟိုကြီးကြပ်ရေးအဖွဲ့ရဲ့ အရေးယူမှုကို မကျေနပ်ရင် အမိန့်ကို လက်ခံရရှိတဲ့နေ့မှ ရက်ပေါင်း (၃၀) အတွင်း တိုင်းဒေသကြီး/ပြည်နယ်ဝန်ကြီးထံ အယူခံဝင်နိုင်ပါတယ်။

ဝန်ကြီးက တင်ပြချက်ကို ပြန်လည်သုံးသပ်ပြီး ဗဟိုကြီးကြပ်ရေးအဖွဲ့မှ ချမှတ်ထားတဲ့အမိန့်ကို အတည်ပြုခြင်း (သို့) ပြင်ဆင်ခြင်း (သို့) ပယ်ဖျက်ခြင်းတို့ကို ပြုလုပ်ပေးနိုင်ပါတယ်။ 

ပြစ်မှုနဲ့ပြစ်ဒဏ်များ

ဘယ်သူမဆို အောက်ပါလုပ်ရပ်တစ်ခုခုကို ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားရင် ထိုသူကို ခြောက်လထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မှာ ဖြစ်ပါတယ်။ 

  • တည်ထောင်ခွင့်ပြုမိန့်မရှိဘဲ နေ့ကလေးထိန်းဌာန (သို့) မူလတန်းကြိုကျောင်း တည်ထောင်ဖွင့်လှစ်ခြင်း
  • တည်ထောင်ခွင့်ပြုမိန့်ကို ကာလအကန့်အသတ်နဲ့ ရပ်ဆိုင်းထားတဲ့ ကာလအတွင်း (သို့) ပယ်ဖျက်ပြီးနောက်မှာ နေ့ကလေးထိန်းဌာန (သို့) မူလတန်းကြိုကျောင်း ဆက်လက်ဖွင့်လှစ်ထားခြင်း

ဖော်ပြပါအကြောင်းအရာတွေက "ရှေးဦးအရွယ်ကလေးသူငယ်ပြုစုပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာဥပဒေ" ပြဌာန်းချက်မှ အရေးကြီး အချက်တွေကို ကောက်နုတ် ဖော်ပြပေးထားတာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ https://www.moswrr.gov.mm/storage/60c041dd93038-1623212509.pdf မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။ 

Kindergarten Latest Post Pre-school Read 34 times