ကိုယ်ပိုင်ကျောင်းအသစ် ဖွင့်လှစ်ခွင့်ရရှိဖို့ ပြည့်မီရမယ့် စံသတ်မှတ်ချက်များ

၂၀၂၇-၂၀၂၈ ပညာသင်နှစ်မှစပြီး ကိုယ်ပိုင် (သို့) ပုဂ္ဂလိကကျောင်းများအသစ်များ လျှောက်ထားတဲ့အခါ ပညာရေးဝန်ကြီးဌာနက သတ်မှတ်ထာတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ပြည့်မီမှ ကျောင်းဖွင့်လှစ်ခွင့် ရရှိမှာဖြစ်ပါတယ်။

ဒီစံနှုန်းတွေထဲမှာ ကျောင်းတည်နေရာ၊ ပတ်ဝန်းကျင်ကစပြီး အဆောက်အအုံ၊ သင်ကြားရေးနှင့် စာသင်ခန်းဆိုင်ရာ သတ်မှတ်ချက်များ၊ ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေပါ ပါဝင်ပါတယ်။

ဒါကြောင့် ကိုယ်ပိုင် (သို့မဟုတ်) ပုဂ္ဂလိကကျောင်း တည်ထောင်ထားသူတွေနဲ့ ကျောင်းဖွင့်လှစ်ဖို့ စီစဉ်နေသူတွေ လိုက်နာရမယ့် ပုဂ္ဂလိကကျောင်းဆိုင်ရာ စံနှုန်းသတ်မှတ်ချက်တွေကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။

ကျောင်းတည်နေရာ၊ ပတ်ဝန်းကျင်နှင့် မြေနေရာဆိုင်ရာ သတ်မှတ်ချက်များ

  • ရှိပြီးသား အစိုးရအခြေခံပညာကျောင်းများ၊ ပုဂ္ဂလိကကျောင်းများနှင့် ကိုက် (၁၀၀) အတွင်း ပုဂ္ဂလိကကျောင်းအသစ် ထပ်မံဖွင့်လှစ်ခွင့် မပြုပါ။
  • ရပ်ကွက်(လမ်း)အတွင်း အစိုးရအခြေခံပညာကျောင်းရှိနေပါက ပုဂ္ဂလိကကျောင်း ထပ်ဖွင့်ခွင့် မပြုပါ။
  • ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင်သည် စိမ်းလန်းစိုပြည်ပြီး သန့်ရှင်းမှုရှိရမည်။
  • ကျောင်းဆောင်အားလုံး ပရိဝုဏ် တစ်ခုအတွင်း တည်ရှိရမည်။

 ကျောင်းအဆောက်အအုံဆိုင်ရာ သတ်မှတ်ချက်များ   

  • လူနေအိမ်၊ ဟိုတယ်၊ ဈေးဝယ်စင်တာများနှင့် တွဲလျက် ခွင့်မပြုပါ။  
  •  ဘာသာရေးအဆောက်အအုံ၊ မြေနေရာများတွင် ကျောင်းအဖြစ် ဖွင့်လှစ်ခွင့် မပြုပါ။ 
  • လူနေအိမ်ဖွဲ့စည်းမှုပုံစံဖြင့် ဆောက်လုပ်ထားသည့် အဆောက်အဦများကို ကျောင်းဖွင့်လှစ်ခွင့် မပြုပါ။   
  • ကျောင်းရှေ့နှင့် စုဝေးကွင်းတွင် နိုင်ငံတော်အလံလွှင့်ထူရန် အလံတိုင် ထားရှိရမည်။  
  • ကျောင်းစုဝေးကွင်း၊ အားကစားကွင်း (Playground/ Sports Area) သည် Outdoor ဖြစ်ရမည်။  
  • ကျောင်းစုဝေးကွင်းသည် ကျောင်းသားတစ်ဦးလျှင် (၇) စတုရန်းပေနှုန်းဖြင့် ကျောင်းသား အနည်းဆုံး (၅၀%) ဝင်ဆံ့ရမည်။ 
  • အားကစားကွင်းသည် ကျောင်းသားတစ်ဦးလျှင် အနည်းဆုံး (၁၅) စတုရန်းပေနှုန်း ရှိရမည်ဖြစ်ပြီး၊ ကွင်း၏ အလျားနှင့် အကျယ်ကို သက်ဆိုင်ရာ အားကစားအမျိုးအစားပေါ် မူတည်၍ သတ်မှတ်ရမည်။
  • ကျောင်းဥပဓိရုပ် ကောင်းမွန်မှု ရှိရမည်။

သင်ကြားရေးနှင့် စာသင်ခန်းဆိုင်ရာ သတ်မှတ်ချက်များ

  • မူလတန်းကျောင်းသားတစ်ဦးလျှင် ကြမ်းပြင်ဧရိယာ အနည်းဆုံး (၁၂) စတုရန်းပေ ရှိရမည်။ ဆရာ၊ ဆရာမ စာသင်ဧရိယာ (၇၅) စတုရန်းပေ ရှိရမည်။  မူလတန်းစာသင်ခန်းအနံ အနည်းဆုံး (၁၅) ပေ ရှိရမည်။  
  • အလယ်တန်း၊ အထက်တန်း ကျောင်းသားတစ်ဦးလျှင် ကြမ်းပြင်ဧရိယာ အနည်းဆုံး (၁၈) စတုရန်းပေရှိရမည်။ ဆရာ၊ ဆရာမ စာသင်ဧရိယာ (၈၀) စတုရန်းပေ ရှိရမည်။  အလယ်တန်း၊ အထက်တန်း စာသင်ခန်းအနံ အနည်းဆုံး (၂၀) ပေ ရှိရမည်။   
  • စာသင်ခန်းတစ်ခန်းလျှင် ကျောင်းသား (၄၀) ဦးထက် မပိုရပါ။ ကျောင်းသားဦးရေနှင့် စာသင်ခန်းဧရိယာသည် ကိုက်ညီမှုရှိရမည်။  
  • ကျောင်းအဆင့်နှင့် ကိုက်ညီသော စံကိုက် စာသင်ခန်းအရေအတွက်ရှိရမည်။
  • ကျောင်းသားဦးရေအရ စာသင်ခန်း လုံလောက်မှု ရှိရမည်။   
  • သင်ထောက်ကူပစ္စည်းများ နှင့် ကျောင်းစာသင်ခုံ/ပရိဘောဂ ပြည့်စုံမှုရှိရမည်။  
  • စာသင်ခန်းများ အလင်းရောင် လုံလောက်မှုနှင့် လေဝင်လေထွက် ကောင်းမွန်မှု ရှိရမည်။   

အထောက်အကူပြု အခန်းများ၏ သတ်မှတ်ချက်များ

  • ကျောင်းစုဝေးခန်းမ / ကျောင်းဘက်စုံသုံးခန်းမ (Multipurpose Hall) ရှိရမည်။ 
  • ကျောင်းသားများ လေ့ကျင့်/သုံးစွဲနိုင်မည့် ICT Room ရှိရမည်။   
  • ကျောင်းအဆင့်နှင့် လျော်ညီသော စာကြည့်တိုက်နှင့် စာအုပ်စာပေများ ရှိရမည်။  
  • လက်တွေ့လုပ်ဆောင်နိုင်မည့် သိပ္ပံလက်တွေ့ပစ္စည်းများ ပြည့်စုံလုံလောက်သည့် ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ Labs ဓာတ်ခွဲခန်းများ ရှိရမည်။   သိပ္ပံလက်တွေ့ခန်းအနံသည် အနည်းဆုံး (၂၀) ပေ ရှိရမည်။   အိမ်တွင်းမှု၊ အနုပညာ၊ ပန်းချီ၊ ဂီတ သင်ကြားရန် အခန်းများ ရှိရမည်။ 
  • ကျောင်းစီမံခန့်ခွဲမှုဆိုင်ရာ ရုံးခန်း (Admin Office) နှင့် ဆရာ၊ ဆရာမများ နားနေခန်း (Teachers' Lounge) ရှိရမည်။  

ကျန်းမာရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ဝန်ဆောင်မှုဆိုင်ရာ စံနှုန်းများ

  • ကျောင်းဆင်း/တက်ချိန် ယာဉ်ကြောမပိတ်ဆို့ရန် ကျောင်းကြိုပို့ရန် (Drop-off Zone) ယာဉ်ရပ်နားရန်နေရာ ရှိရမည်။  
  • ကျောင်းသန့်စင်ခန်း အချိုး ၁း၃၀ ရှိရမည်။
  • ကျန်းမာရေးစောင့်ရှောက်မှု၊ အရေးပေါ် နာမကျန်းမှုနှင့် ထိခိုက်ဒဏ်ရာများအတွက် ဆေးဝါးပစ္စည်းများ နှင့် (First Aid Room) ရှိရမည်။   
  • အရေးပေါ်သဘာဝဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေး စီစဉ်ထားရှိရမည်။  
  • ကျောင်းလုံခြုံရေးစနစ် စီစဉ်ထားရှိရမည်။  
  • သန့်ရှင်းသော သောက်သုံးရေ ရရှိမည်ဖြစ်ပြီး၊ အာဟာရပြည့်ဝ၍ သန့်ရှင်းသော အစားအသောက်များ ရရှိနိုင်မည့် မုန့်ဈေးတန်း/ကျောင်းမုန့်စားခန်း (Canteen) ရှိရမည်။ 

သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များ

  • ကျောင်းအဆောက်အအုံအား စာသင်ကျောင်းအဖြစ် အသုံးပြုရန် ကန့်ကွက်ရန် မရှိကြောင်း စည်ပင်သာယာရေးကော်မတီ၏ ခွင့်ပြုချက်ပါရှိရမည်။  
  • ကျောင်းသား/သူများအတွက် အဆောင်များ ပါရှိက ပုဂ္ဂလိကကျောင်းကြီးကြပ်ရေးအဖွဲ့၏ သတ်မှတ်ချက်နှင့်အညီ ဆောင်ရွက်ထားသည့် အထောက်အထားနှင့် စည်ပင်သာယာရေးကော်မတီမှ ဘော်ဒါဆောင်လိုင်စင် ရှိရမည်။
  • မီးသတ်ဦးစီးဌာန၏ ထောက်ခံချက်ပါ ရှိရမည်။  
  • အခွန်ထမ်းဆောင်မှု အထောက်အထားနှင့် အခွန်ကင်းရှင်းကြောင်း ထောက်ခံချက်ပါရှိရမည်။   

ပူးတွဲတင်ပြရမည့် အထောက်အထားများနှင့် ထောက်ခံစာများ  

  • ကျောင်းအဆောက်အအုံ ပိုင်ဆိုင်မှု အထောက်အထားများ တင်ပြရမည်။ 
  • ကျောင်းအဆောက်အအုံနှင့် ပတ်ဝန်းကျင်အခြေအနေကို Layout Plan နှင့်အတူ ဓာတ်ပုံမှတ်တမ်းများဖြင့် တင်ပြရမည်။
  • ပုဂ္ဂလိကကျောင်း တည်ထောင်ခွင့် လျှောက်ထားသူများသည် စာသင်ခန်းဧရိယာ (Classroom Area)၊ ICT၊ စာကြည့်တိုက်နှင့် သိပ္ပံလက်တွေ့ခန်းစသည့် အထောက်အပြုအခန်းများ ဧရိယာ (Support Facilities Area)၊ အုပ်ချုပ်ရေးနှင့် ဝန်ထမ်းဧရိယာ (Administrative & Staff Area)၊  ကျောင်းကြိုပို့ဧရိယာ (Drop-off & Parking Area)၊ အားကစားကွင်း ဧရိယာ (Playground & Sports Area) ပါဝင်မှုများကို စနစ်တကျ တွက်ချက်ထားသည့် အဆောက်အအုံ ပြင်ဆင်မြေပုံ (Floor Plan & Site Plan) နှင့် ဧရိယာ တွက်ချက်မှု အသေးစိတ် (Area Calculation Sheet) တို့ကို တင်ပြရမည်။   
  • ကျောင်းပရိ၀ုဏ်၏ ရှေ့၊ နောက်၊ ဝဲ၊ ယာ ကပ်လျက် (၂) အိမ်စီ၏ ကန့်ကွက်ရန် မရှိကြောင်း သဘောတူလက်မှတ်များနှင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၏ မှန်ကန်ကြောင်း ထောက်ခံစာ ပါရှိရမည်။
  • ကျောင်းအဆောက်အဦးများ ငလျင်ဒဏ်ခံနိုင်မှုဆိုင်ရာ စိစစ်တွက်ချက်ထားသည့် အထောက်အထားများ တင်ပြရမည်ဖြစ်ပြီး PE (Civil) ၏ ထောက်ခံချက် ပါရှိရမည်။
  • အသစ်ဖွင့်လှစ်မည့်ကျောင်းနှင့် အစိုးရကျောင်း (သို့) ပုဂ္ဂလိကကျောင်း၏ အကွာအဝေးပြမြေပုံ ပါရှိရမည်။

အခုလို သတ်မှတ်ထားတဲ့ စံနှုန်းတွေဟာ ပုဂ္ဂလိကကျောင်းအသစ်ဖွင့်လှစ်ဖို့ စီစဉ်နေသူတွေအနေနဲ့ လိုက်နာရမယ့် သတ်မှတ်ချက်တွေ ဖြစ်ပါတယ်။

ကျောင်းတစ်ကျောင်း ဖွင့်လှစ်ဖို့ဆိုတာ သင်ကြားရေးပိုင်းတစ်ခုတည်းကို ပြင်ဆင်ထားရုံနဲ့ မလုံလောက်ပါဘူး။ ကျောင်းအဆောက်အအုံ၊ စာသင်ခန်း၊ ကျန်းမာရေးနဲ့ ဘေးအန္တရာယ်ကင်းရှင်းရေး စတဲ့ အခြေခံလိုအပ်ချက်တွေကိုလည်း ပြည့်မီအောင် ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်။

High Primary Secondary Read 21 times