(၅) နှစ်တာကာလအတွင်း ပညာရေးဘတ်ဂျက်ကို (၂၀%) အထိ တိုးမြှင့်ရန် ရည်မှန်း

လက်ရှိအစိုးရသက်တမ်း (၅) နှစ်တာကာလအတွင်း ပညာရေးဘတ်ဂျက်ကို (၂၀%) အထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရသည်။

နိုဝင်ဘာ (၁၇) ရက်က ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ် ပညာရေးဘွဲ့သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ ဩဝါဒခံယူပွဲတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် ပညာရေးကဏ္ဍကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံကျသည့် ရင်းနှီးမြှုပ်နှံမှုတစ်ခုအဖြစ် သဘောထားပြီး  အခြေခံပညာရေးမှ အဆင့်မြင့်ပညာရေးအထိ ပညာသင်ယူခွင့်များ ပိုမိုရရှိစေရေးအတွက် နိုင်ငံတော်ဘဏ္ဍာငွေများကိုလည်း တိုးမြှင့်ရင်းနှီးမြှုပ်နှံမည်ဟု သိရသည်။

ပညာရေးကဏ္ဍအတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်ဘတ်ဂျက်၏ (၉.၂၂%) သုံးစွဲရန် စီစဉ်ထားပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာနှစ်တွင် (၁၅%) နှင့် အစိုးရ၏ ငါးနှစ်တာကာလအတွင်း (၂၀%) အထိ တိုးမြှင့်ရန် ရည်မှန်းထားကြောင်း သိရသည်။

အလားတူ အခြေခံပညာကျောင်းများ စံကိုက်ကျောင်းများအဖြစ် အဆင့်မြှင့်တင်ရေး၊ KG+9 မသင်မနေရပညာရေး အကောင်အထည်ဖော်ရေး၊ ကျောင်းနေအရွယ်ကလေးတိုင်း ပညာသင်ယူခွင့်ရရှိရေးနှင့် ပညာရေးတစ်ပိုင်းတစ်စဖြင့် ရပ်နားခဲ့ရသူများ ပညာရေးလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေး၊ စက်မှု၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးဆိုင်ရာကျောင်းများ တိုးချဲ့ရေးနှင့် တိုင်းနှင့်ပြည်နယ်များတွင် ပိုလီတက္ကနစ်တက္ကသိုလ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။

စိုက်ပျိုးရေးနှင့် မွေးမြူရေးသိပ္ပံကျောင်းများကို သင့်လျော်သည့် တက္ကသိုလ်၊ ကောလိပ်အဆင့်အထိ မြှင့်တင်ပေးနိုင်ရေး ဆောင်ရွက်နေသကဲ့သို့ ယခုနှစ်တွင် ပိုလီတက္ကနစ်တက္ကသိုလ် (၃) ခုနှင့် ၂၀၂၇-၂၀၂၈ ပညာသင်နှစ်တွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ပိုလီတက္ကနစ်ကျောင်းများ ဖွင့်လှစ်နိုင်ရေးဆောင်ရွက်နေကြောင်း သိရသည်။

အကြောင်းအမျိုးမျိုးကြောင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်များတွင် ပညာသင်ယူမှုရပ်နားခဲ့ရသူများအတွက် အခြေခံသက်မွေးဝမ်းကျောင်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားပို့ချပေးနိုင်ရေးလည်း စီစဉ်ဆောင်ရွက်နေကြောင်း ဆိုသည်။

အလားတူ ပညာရေးအခွင့်အလမ်းများကို မြို့ပြဒေသများတွင်သာမက ဝေးလံခေါင်သီသည့် တောင်ပေါ်ဒေသများ၊ နယ်စပ်ဒေသများနှင့် ပညာရေးဝန်ဆောင်မှုအားနည်းနေသည့် နေရာများတွင်ပါ ရရှိနိုင်ရေးဆောင်ရွက်ပေးနေကြောင်းလည်း သိရသည်။ 

Latest Post Local News Read 31 times