အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့မှ ပြည်ပကျောင်းသားများ၏ နေထိုင်ခွင့် ဗီဇာသက်တမ်းကို (၄) နှစ် ကန့်သတ်မည့် စည်းမျဉ်းအသစ်တစ်ရပ်ကို ဖက်ဒရယ်ခရိုင်တရားရုံးက တားဆီးလိုက်သည်။
အမေရိကန်တွင် ပြည်ပကျောင်းသားများသည် အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ လေးနှစ်ထက် ပိုမိုနေထိုင်ခွင့်မရတော့မည့် စည်းမျဉ်းသစ်တစ်ရပ်ကို ထရမ့်အစိုးရက စက်တင်ဘာလတွင် စတင် အသက်ဝင်မည်ဟု ဇူလိုင်လတွင် ကြေညာခဲ့သည်။
သို့ဖြစ်ပါ၍ ပညာရေးအဖွဲ့အစည်းများနှင့် အခြားအဖွဲ့များက ယင်းစည်းမျဉ်းအသစ်ကို ပယ်ဖျက်ပေးရန် တောင်းဆိုကာ တရားစွဲဆိုခဲ့ကြသည်။
စည်းမျဉ်းအသစ် စတင် အသက်ဝင်ရန် တစ်ရက်အလို ဩဂုတ်လ (၃၁) ရက်နေ့တွင် အရှေ့ပိုင်း မက်ဆာချူးဆက်ပြည်နယ် ဘော်စတွန်မြို့ရှိ ဖက်ဒရယ်ခရိုင်တရားရုံးက ယာယီတားမြစ်မိန့်ကို ထုန်ပြန်ပေးခဲ့သည်။
အဆိုပါစည်းမျဉ်းအသစ်သည် နိုင်ငံတော်လုံခြုံရေးအတွက် မရှိမဖြစ် လိုအပ်သည်ဟု ပြောသည့် အစိုးရ၏ ပြောဆိုချက်မှာ အဓိပ္ပါယ်မရှိကြောင်းနှင့် အဆိုပါ စည်းမျဉ်းအသစ်ကို ကျင့်သုံးဖြစ်ခဲ့လျှင်တောင် ဗီဇာလိမ်လည်မှုများကို တားဆီးနိုင်မည် မဟုတ်ကြောင်း တရားရုံးက ဆိုသည်။
နိုင်ငံတကာ ကျောင်းသားများနှင့် သုတေသီများကို အမေရိကန်သို့ လာရောက်ခွင့်ပြုထားသည့် လက်ရှိဗီဇာအစီအစဉ်သည် နယ်ပယ်အသီးသီးတွင် အထင်ကရ သုတေသနများနှင့် အခြားအကျိုးကျေးဇူးများကို ရရှိစေခဲ့ကြောင်း တရားရုံးက ထောက်ပြခဲ့သည်။
"ကမ္ဘာတစ်ဝန်းက နိုင်ငံတွေဟာ အရည်အချင်းရှိသူတွေကို ယှဉ်ပြိုင်ဆွဲဆောင်နေကြတဲ့ အချိန်မျိုးမှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အကောင်းဆုံးနဲ့ အထူးချွန်ဆုံး လူငယ်တွေကို ဆွဲဆောင်နိုင်စွမ်း မြှင့်တင်သင့်တာပေါ့၊ အတားအဆီးအသစ်တွေ ဖန်တီးနေသင့်တဲ့အချိန် မဟုတ်ပါဘူး" ဟု တရားလိုများထဲမှ တစ်ဦးက ပြောကြားခဲ့သည်။
Related News : နိုင်ငံတကာကျောင်းသားများ အမေရိကန်တွင် လေးနှစ်ထက်ပိုပြီး ပညာသင်ကြားခွင့်မရှိ