အမေရိကန်ပြည်ထောင်စုတွင် နိုင်ငံတကာကျောင်းသားများသည် ဖက်ဒရယ်အစိုးရ၏ ခွင့်ပြုချက်မရရှိဘဲ လေးနှစ်ထက် ပိုမိုနေထိုင်ခွင့်မရတော့မည့် စည်းမျဉ်းသစ်တစ်ရပ်ကို ထရမ့်အစိုးရက အပြီးသတ် ပြဋ္ဌာန်းလိုက်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ဇူလိုင် (၁၆) ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါစည်းမျဉ်းသည် လာမည့် စက်တင်ဘာလတွင် စတင် အသက်ဝင်မည်ဖြစ်ကာ လေးနှစ်ထက်ပိုမိုအချိန်ကြာမြင့်သည့် ပညာရေးပရိုဂရမ်တွင် တက်ရောက်နေသော ကျောင်းသားများအနေဖြင့် အခက်အခဲများရှိလာမည်ဖြစ်ပြီး ပရိုဂရမ်ပြောင်းလဲခြင်း၊ တက်ရောက်ရမည့်ကာလပြောင်းလဲခြင်းတို့တွင် ပိုမို ကန့်သတ်ချက်ရှိလာမည်ဖြစ်သည်။
အဆင့်မြင့်ပညာရေးဆိုင်ရာ ခေါင်းဆောင်များကမူ ယင်းစည်းမျဉ်းအသစ်ကို မလိုအပ်သည့် လုပ်ဆောင်ချက်ဖြစ်ပြီး ကျောင်းများ၊ တက္ကသိုလ်များနှင့် ကျောင်းသားများအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်ဟု ဝေဖန်ကန့်ကွက်ခဲ့ကြသည်။
ပြည်ထဲရေးဝန်ကြီးအတွင်းရေးမှူး Markwayne Mullin ကမူ ဤစည်းမျဉ်းသည် ပညာရေးပရိုဂရမ်ကာလကို တိုးမြှင့်ခြင်းဖြင့် နိုင်ငံအတွင်း နေထိုင်နိုင်သည့်ကာလကို ဆွဲဆန့်နေသည့် နိုင်ငံတကာကျောင်းသားများ၏ အကြံအစည်ကို ပိတ်ပင်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ "ဒီစည်းမျဉ်းသစ်က နိုင်ငံခြားကျောင်းသားတွေဟာ သူတို့ရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ ပညာသင်ကြားခြင်းကို အပြီးသတ်ပြီး နေရပ်ပြန်သွားဖို့အတွက် ဖြစ်တယ်" ဟု ဆိုသည်။
ဤစည်းမျဉ်းသည် ထရမ့်အစိုးရက နိုင်ငံတကာကျောင်းသားများအပေါ် ဖိနှိပ်သည့် နောက်ဆုံးလုပ်ဆောင်ချက်တစ်ခု ဖြစ်သည်။ ယခင်နွေဦးရာသီက ကျောင်းသားများ၏ တရားဝင်နေထိုင်ခွင့် အများအပြား ရပ်စဲခံခဲ့ရမှုကြောင့် ကျောင်းသားများမှာ တရားမဝင် နေထိုင်သူများအဖြစ် ဖမ်းဆီးခံရမည်ကို စိုးရိမ်ကာ ထွက်ပြေးပုန်းရှောင်ခြင်း သို့မဟုတ် နိုင်ငံမှ ထွက်ခွာခြင်းများ ဖြစ်ပေါ်ခဲ့သည်။
ထို့အပြင် ဖက်ဒရယ်အစိုးရသည် ဗီဇာလျှောက်ထားသူများအား ၎င်းတို့၏ ဆိုရှယ်မီဒီယာအကောင့်များကို ဖော်ပြရန် တောင်းဆိုခဲ့ပြီး ပိုမိုတင်းကျပ်စွာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် အာရှရှိ နိုင်ငံတစ်ဒါဇင်ကျော်ကို ချမှတ်ထားသည့် ခရီးသွားလာခွင့် ပိတ်ပင်ချက်များကလည်း နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာရရှိရန်နှင့် အမေရိကန်သို့ ပညာသင်လာရောက်ရန် ပိုမိုခက်ခဲစေခဲ့သည်။
အဆင့်မြင့်ပညာရေး ခေါင်းဆောင်များကမူ ဤသို့သော ဗီဇာမရေရာမှုများကြောင့် နိုင်ငံတကာကျောင်းသားများ အခြားနိုင်ငံများသို့ ပြောင်းရွှေ့သွားနိုင်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးအပေါ် ဂယက်ရိုက်ခတ်မှုများ ရှိလာနိုင်ကြောင်း သတိပေးခဲ့သည်။
Source - ABC News