Sales Hotline : 09448001653       Download App



MBA တက်ရင်ကောင်းမလား? မတက်ရင် ကောင်းမလား?

MBA တက်ရင်ကောင်းမလား? မတက်ရင် ကောင်းမလား?

MBA ဆိုတာ လိုအပ်ရင်လည်း တစ်သက်မှာ တစ်ခါသာ တက်ပြီး၊ ငွေ၊ အချိန်နဲ့ ခွန်အားရင်းနှီး မြှုပ်နှံမှုတွေများလှတဲ့ အတွက် သေချာ စဉ်းစားရွေးချယ်သင့်ပါတယ်။

MBA ဆိုတာဘာလဲ?

MBA ဆိုတာ Master of Business Administration - စီးပွားရေး စီမံခန့်ခွဲမှု မဟာဘွဲ့ဖြစ်ပါတယ်။ MBA က Academic မဟုတ်ဘဲ လက်တွေ့ ကျင့်သုံးတဲ့သူတွေအတွက် professional ဘွဲ့ တစ်ခုဖြစ်ပါတယ်။

အချိန်ပြည့်တက်ရတဲ့ Full-time MBA, အလုပ်နဲ့ အချိန်ပိုင်းတတ်နိုင်တဲ့ Part-time MBA နဲ့ အသက်အရွယ်ရင့်ကျက်မှု၊ လုပ်သက်အတွေ့အကြုံ လိုအပ်တဲ့ Executive MBA စသည်ဖြင့် ရှိတတ်ပါတယ်။ Online MBA တွေလည်း ရှိပါတယ်။

တချို့ တက္ကသိုလ်တွေမှာ MBA အလားတူ MSc (International Business) အတန်းလည်း ရှိတတ်ပါတယ်။ MBA ထက် ဘာသာရပ် ပိုနဲပြီး ဈေးသက်သာတာ ရှိနိုင်ပါတယ်။

MBA မှာ ဘာတွေသင်လဲ?

MBA မှာ စီမံခန့်ခွဲမှု ဘာသာရပ်တွေ အစုံအလင်ကို ခြုံ ပြီးလေ့လာရတာဖြစ်ပါတယ်။ Economics, Marketing, HR, Finance, Project Management, စတဲ့ ဘာသာရပ်တွေ ပါဝင်တတ်ပါတယ်။ MBA General နဲ့ Specialized MBA တွေရှိတတ်ပြီး အစီအစဉ်တွေမတူရင် ရွေးချယ်ရတဲ့ ဘာသာတွေ မတူတတ်ပါဘူး။

တက္ကသိုလ် တစ်ခုနဲ့ တစ်ခုလည်း ဘာသာရပ်တွေ၊ ဘာသာ အရေအတွက်တွေ မတူတတ်ပါဘူး။ အချိန်ကလည်း (၁) နှစ်၊ (၁)နှစ်ခွဲ၊ (၂)နှစ် စသည်ဖြင့် ကြာမြင့်တတ်ပါတယ်။

MBA တက်တဲ့အခါမှာ Accounting, Finance နဲ့ ပတ်သက်တဲ့ ဘာသာရပ်တွေက အခြေခံ မရှိထားတဲ့သူတွေအတွက် အခက်ခဲဆုံးပါပဲ။

MBA မှာ စာလုံးရေ ၁၅၀၀၀-၂၀၀၀၀ ကြား Thesis/ Dissertation သုတေသန စာတမ်းတင်ရတာတွေရှိနိုင်ပါတယ်။

MBA Program က ဘယ်လို လူတွေအတွက် သင့်တော်လဲ?

ဌာနအလိုက် Functional အရာရှိတွေ မန်နေဂျာ ရာထူးနဲ့ အထက်ကို ထမ်းဆောင်ရတော့မယ့်ဆိုရင် ဌာနပေါင်းစုံနဲ့ အချိတ်အဆက် ကောင်းမွန်စေဖို့၊ ဌာန ပေါင်းစုံကို ထိန်းကြောင်းနိုင်ဖို့ သင်ယူရတာဖြစ်ပါတယ်။

စီးပွားရေး ဘွဲ့ရမဟုတ်သူတွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ နည်းပညာသမားတွေလည်း စီမံအုပ်ချုပ်ရတဲ့ ရာထူးမျိုးတက်လှမ်းဖို့ အတွက် MBA ဘွဲ့ လိုအပ်လေ့ရှိပါတယ်။ နိုင်ငံတကာမှာတော့ ကုမ္ပဏီတွေက သူတို့အတွက် အရေးပါတဲ့ ၀န်ထမ်းကောင်းတွေ ရာထူးမြင့်တွေအတွက် ပြင်ဆင်ပေးဖို့ ကို MBA အတန်းကိုထားပေးလေ့ရှိပါတယ်။

ကိုယ်ပိုင် လုပ်ငန်းလုပ်ကိုင်နေသူတွေ၊ လုပ်ကိုင်လိုသူတွေလည်း စီးပွားရေး စီမံခန့်ခွဲမှု ဘာသာအားလုံးကို ခြုံပြီးလေ့လာနိုင်တဲ့ MBA ကိုတက်ကြပါတယ်။
.
အနည်းဆုံး အသက် ၂၅-၃၀ လောက်ရှိပြီး လုပ်သက် ၅ နှစ် လောက် ရှိရင်တော့ အကောင်းဆုံးပါပဲ။

MBA ၀င်ခွင့် သတ်မှတ်ချက်က ဘယ်လိုရှိလဲ?

တက္ကသိုလ် တစ်ခုနဲ့ တစ်ခု ၀င်ခွင့်သတ်မှတ်ချက် မတူတတ်ပါဘူး။

နိုင်ငံတကာ တက္ကသိုလ်တွေကတော့ အင်္ဂလိပ်စာလိုအပ်ချက် စစ်ဆေးတတ်ပါတယ်။ TOEFL/ IELTS အမှတ်တောင်းမှာဖြစ်ပါတယ်။ မရှိရင် ကျောင်းက ပြန်စစ်ပေးတာမျိုးလည်းရှိနိုင်ပါတယ်။

အမေရိကန် တက္ကသိုလ်အများစုက GMAT (Graduate Management Aptitude Test) အမှတ်နဲ့ ကန့်သတ်လေ့ရှိပါတယ်။ UK တက္ကသိုလ်တွေကတော့ GMAT မလိုတာများပါတယ်။ GMAT ဆိုတာ အင်္ဂလိပ်စာ၊ သင်္ချာ၊ logic တွေကို multiple-choice ပုံစံနဲ့ စစ်ဆေးတာဖြစ်ပါတယ်။

အနည်းဆုံးတော့ Bachelor’s ဘွဲ့ တစ်ခု လိုအပ်တတ်ပါတယ်။ UK တက္ကသိုလ်တွေမှာ ရင့်ကျက်ကျောင်းသား (Mature Student) ဆိုပြီး ဘွဲ့မရှိလည်း ဘွဲ့နဲ့ ညီမျှတဲ့ ဒီပလိုမာတစ်ခု ရှိရင် ပေးတက်တာမျိုးရှိပါတယ်။

သိထားဖို့လိုတာက MBA တက်ဖို့ စီးပွားရေး ဒီပလိုမာ တစ်ခုခုရှိရမယ်ဆိုတာတော့ မဟုတ်ပါဘူး။ ဘွဲ့ မရှိရင်သာ UK ကျောင်း တချို့ကတောင်းဆို တတ်တာပါ။ အခြေခံ စီးပွားရေးအသိပညာ လိုအပ်ချက်တွေရှိရင် Pre-MBA တက်ရတာမျိုးတော့ ရှိနိုင်ပါတယ်။

MBAက အရင်းအနှီးများတာဖြစ်တဲ့အတွက် တချို့က မြေစမ်းခရမ်းပျိုးအနေနဲ့ ဒီပလိုမာ အရင် တက်ကြည့်တာတွေရှိနိုင်ပါတယ်။ Finance လို ဘာသာရပ်မျိုးက ကြိုတက်ထားတာတော့ ကောင်းပါတယ်။

MBA မှာ အလုပ်အတွေ့အကြုံ သတ်မှတ်ချက်တွေလည်း ရှိနိုင်ပါတယ်။

ကိုယ်ပိုင် စာမေးပွဲတွေနဲ့လည်း စစ်ဆေးတတ်ပါတယ်။

ကုန်ကျစရိတ်

ထိပ်တန်း US နဲ့ UK တက္ကသိုလ်တွေမှာ MBA တက်ရင် သိန်း ၁၀၀၀ကျော် - ၂၀၀၀ လောက်အထိ ကုန်နိုင်ပါတယ်။ ကျောင်းပေါ်မှာ မူတည်ပြီး Online MBA တွေက ဈေးသက်သာတာရှိနိုင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ နိုင်ငံတကာ MBA တွေက သိန်း ၁၀၀ ၀န်းကျင်များပါတယ်။ အစိုးရ တက္ကသိုလ်တွေမှာ ဖွင့်တဲ့ MBA တွေကတော့ ကျောင်းလခ အထူးသက်သာပါတယ်။ အခြား လူမှုရေး ကုန်ကျစရိတ်တွေတော့ ရှိပါသေးတယ်။

MBA ဘွဲ့ ပြီးရင် ရနိုင်သော အကျိုးများ

မိမိရဲ့ သင်ယူနိုင်စွမ်း၊ ကောင်းစွာ အသုံးချတတ်မှုတွေ အပေါ်မှာ မူတည်ပြီး MBA ကြောင့် ဘ၀အဆင့် မြင့်မားလာနိုင်သလို ဘာမှ အကျိုးမရှိတာလည်း ဖြစ်နိုင်ပါတယ်။ အကြမ်းဖျင်း အားဖြင့်တော့ အောက်ပါ အကျိုးကျေးဇူးတွေ ရနိုင်ပါတယ်။

၁။ လုပ်ငန်း ဦးဆောင်မှုအပိုင်း၊ ရာထူးမြင့်များ တာဝန်ယူရန် အဆင်သင့်ဖြစ်ခြင်း

၂။ အလုပ်အကိုင် အခွင့်အလမ်း ရွေးချယ်စရာ ပိုများလာနိုင်ခြင်း

၃။ မိတ်ကောင်းများ ရနိုင်ခြင်း

၎။ စီးပွားရေးလောကနှင့် စီမံခန့်ခွဲမှု သဘောတရားများကို ခြုံငုံသိရှိနိုင်ခြင်း

၅။ ကိုယ်ပိုင် လုပ်ငန်းအတွက် အထောက်အကူဖြစ်ခြင်း

၆။ လစာ မြင့်မားနိုင်ခြင်း

၇။ အသက်မွေးဝမ်းကြောင်း ပြောင်းရန် အဆင်ပြေခြင်း

MBA တက်ရင် သတိထားသင့်သည့်အချက်များ

၁။ ငွေကြေးအကုန်အကျများမယ်။ - သင်တန်းကြေးအပြင်၊ လူမှုရေး ကုန်ကျစရိတ်တွေရှိနိုင်ပါတယ်။

၂။ အချိန်ကုန်မယ်။

၃။ စာများတယ်။ အလုပ်တစ်ဖက်၊ လူမှုရေးတွေနဲ့ ပင်ပန်းမယ်။

၎။ စီးပွားရေး ဘာသာရပ်တစ်ခုချင်းကို ထဲထဲဝင်ဝင်သင်ကြား ပေးခြင်း မဟုတ်တဲ့အတွက် ကိုယ်ကျွမ်းကျင်လိုတဲ့ ဘာသာရပ်ကို ထပ်လေ့လာရဦးမှာဖြစ်ပါတယ်။

၅။ မဟာဘွဲ့အဆင့်ဖြစ်တဲ့အတွက် မိမိဘာသာ လေ့လာရတာတွေ၊ သုတေသနလုပ်ရတွေ၊ အတန်းဖော်တွေဆီက လေ့လာရတာများပြီး ဆရာတွေက အသေးစိတ်မရှင်းပြတာတွေ ကြုံရပါမယ်။

၆။ MBA ပြီးတဲ့အခါ မိမိကိုယ်ကို ယုံကြည်မှု များလွန်းတာကြောင့် အလုပ်ခွင်က စနစ်တွေကို မလိုက်နာချင်တာတွေ၊ အံဝင်ခွင်ကျ မဖြစ်တာတွေရှိတတ်ပါတယ်။

၇။ အလုပ်အကိုင် အတွေ့အကြုံ မရှိတဲ့ MBA ဘွဲ့ရတွေအတွက် လစာဟာ ထင်သလောက်မကောင်းနိုင်ပါဘူး။

MBA တွေ များလာတာတဲ့အမျှ အလုပ်ခန့်တဲ့ လူတွေဘက်ကလည်း ရွေးချယ်လာကြပါတယ်။ MBA တိုင်းကို အထင်ကြီးပြီး ခန့်မှာ မဟုတ်ပါဘူး။

အလုပ်အကိုင်အတွက်ဆိုရင် ကိုယ်တက်တဲ့ တက္ကသိုလ်ရဲ့ ဂုဏ်သတင်းဟာ အရေးကြီးပါတယ်။ အဲဒီ့ ဂုဏ်သတင်းပေါ်မှာ မူတည်ပြီး အကျိုးကျေးဇူးကလည်း တော်တော် ကွဲပြားနိုင်ပါတယ်။ MBA ဘွဲ့ရတာချင်းတဲ့ တူရင်တောင် တက္ကသိုလ်နဲ့ နိုင်ငံကြည့်ပြီး လစာတွေ ကွဲလာနိုင်ပါတယ်။

အလုပ်မှာ ဆက်လက် တိုးတက်ဖို့ကတော့ ကိုယ့်ဘက်က ရလဒ်ကောင်းအောင် တကယ်လုပ်ပြနိုင်တဲ့ ပေါ်မှာ အများကြီးမူတည်ပါတယ်။ ဘွဲ့နဲ့ အသိပညာသာမကဘဲ မိမိရဲ့ တခြား soft skills လို့ ခေါ်တဲ့ ကျွမ်းကျင်မှုတွေအပေါ်မှာလည်း အများကြီး မူတည်တယ်ဆိုတာလည်း သတိပြုရမှာဖြစ်ပါတယ်။

MBA မတက်သေးရန် အကြံပြုသူများ

အလုပ်နဲ့ ဆက်စပ် သင်ယူရမှာဖြစ်တဲ့အတွက် ကျောင်းပြီးစ အလုပ် မ၀င်ချင်သေးတာကြောင့် MBA တက်လိုတဲ့သူတွေ၊ အလုပ်အကိုင် အတွေ့အကြုံမရှိသေးသူတွေကို MBA မတက်သေးဖို့ အကြံပြုပါတယ်။ အခြား စီးပွားရေးသင်တန်းတွေ၊ ဒီပလိုမာတွေကို စမ်းတက်ကြည့်ပြီးမှ သာ MBA တက်သင့်ပါတယ်။

MBA ရွေးချယ်သည့်အခါ စဉ်းစားသင့်တဲ့အချက်များ

အရင်ဆုံးစဉ်းစားရမှာက တက်ဖို့ လိုပြီးလား? ဘာလို့ တက်မှာလဲ? ကိုယ် MBA ရရင် ဘယ်လို အခွင့်အလမ်းတွေရှိလာမလဲ?

တက်ဖို့ လိုပြီ ဆိုရင် အချိန်ယူ ကြိုတင်စုံစမ်းပါ။ အလောတကြီး မဆုံးဖြတ်ပါနဲ့။

ကိုယ်တက်လို့ရတာ ဘယ်လို Program တွေရှိလဲ? ပြည်တွင်းမှာ တက်ချင်တာလား? ပြည်ပမှာ တက်ချင်တာလား?

ကိုယ်စိတ်ဝင်စားတဲ့ MBA Programအချက်အလက်များကို စာရင်းပြုစုပါ။ နှိုင်းယှဉ်ပါ။

၁။ တက္ကသိုလ်ရဲ့ သမိုင်းကြောင်း၊ ဂုဏ်သတင်း၊ အသိအမှတ်ပြုမှု နဲ့ အဆင့်

၂။ တက်ရောက်နိုင်တဲ့ Program အမျိုးအစားများ

၃။ ၀င်ခွင့်သတ်မှတ်ချက်

၎။ ကြာချိန်

၅။ သင်ယူရမယ့် ဘာသာရပ်များ

၆။ သင်ကြားမယ့် ဆရာ/မများ

၇။ အတန်းချိန် - အလုပ်ချိန်နဲ့ အဆင်ပြေမပြေ

၉။ အတန်းက လူများလား?

၁၀။ ၀န်ဆောင်မှုပိုင်းမှာ ဘာတွေကောင်းလဲ?

၁၁။ အလုပ်အကိုင်အကြံပေးတဲ့ ၀န်ဆောင်မှုတွေရှိလား?

၁၂။ ပညာသင်ဆုတွေ၊ သက်သာခွင့်တွေ ရှိနိုင်လား?

၁၃။ Notable alumni - ဘယ်လို လူတွေ တက်ခဲ့လဲ? အတန်းဖော်တွေက ဘယ်လိုလူတွေလဲ?

၁၄။ Alumni Services - ဘွဲ့ရ ပြီးတဲ့အခါ ဘယ်လို ၀န်ဆောင်မှုတွေရှိမှာလဲ

၁၅။ ကုန်ကျစရိတ် - ပေးချေရတဲ့ ပုံစံ

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: Strategy First

News Read 4090 times