နယ်သာလန်မှ အသစ်ထွက်ရှိထားသော "CWTS Leiden Ranking 2025" စာရင်းအရ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၁၀) ခုစာရင်းတွင် တရုတ်တက္ကသိုလ်များသည် နေရာ (၈) နေရာအထိ ပိုင်ဆိုင်ထားကြောင်း သိရသည်။
၂၀၂၅ ခုနှစ် နောက်ဆုံးထွက်ရှိထားသော "CWTS Leiden Ranking" ၏ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် (၁၀) ခုအနက် (၈) ခုသည် တရုတ်နိုင်ငံမှဖြစ်ပြီး Zhejiang University က ပထမနေရာ၌ ရပ်တည်နေသည်။
ဆယ်စုနှစ်တစ်ခုကျော်အထိ နံပါတ် (၁) နေရာကို အပိုင်သိမ်းထားသည့် Harvard တက္ကသိုလ်သည် ယခုနှစ် ထုတ်ပြန်ချက်တွင် တတိယနေရာအထိ ကျဆင်းသွားပြီး ဒုတိယနေရာကိုလည်း တရုတ်ရှိ Shanghai Jiao Tong University က ရရှိထားသည်။
အဆင့် (၃) သည် အမေရိကန်က Harvard တက္ကသိုလ်နှင့် အဆင့် (၁၀) သည် ကနေဒါက Toronto တက္ကသိုလ်ဖြစ်ပြီး ကျန်ရှိနေသည့် တက္ကသိုလ် (၈) ခုစလုံးသည် တရုတ်တက္ကသိုလ်များ ဖြစ်ကြသည်။
"CWTS Leiden Ranking" သည် နိုင်ငံတကာအသိအမှတ်ပြု သိပ္ပံနှင့် သုတေသနဆိုင်ရာ တက္ကသိုလ်အဆင့်သတ်မှတ်ချက်တစ်ခုဖြစ်ပြီး တက္ကသိုလ်တစ်ခုချင်းစီမှ ထုတ်ဝေသည့် သုတေသနစာတမ်း အရေအတွက်နှင့် ၎င်းစာတမ်းများအပေါ် တခြားပညာရှင်များ၏ ကိုးကားမှုနှုန်းကိုသာ အဓိကထား တိုင်းတာသည်။
တရုတ်နိုင်ငံသည် သုတေသနလုပ်ငန်းများတွင် ဒေါ်လာဘီလီယံပေါင်းများစွာ ရင်းနှီးမြှုပ်နှံခြင်းဖြင့် နိုင်ငံခြားသုတေသီများကို ဆွဲဆောင်ခဲ့ပြီး သိပ္ပံနှင့် နည်းပညာဘွဲ့ရများကို ပညာရေး (သို့မဟုတ်) စီးပွားရေးရည်ရွယ်ချက်များအတွက် တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်ခွင့်ပြုသည့် သီးခြားဗီဇာကိုလည်း မိတ်ဆက်ခဲ့သည်။
Massachusetts Institute of Technology (MIT) ၏ ဥက္ကဋ္ဌဟောင်း Rafael Reif ကလည်း ပြီးခဲ့သည့်နှစ် စကားဝိုင်းတစ်ခုတွင် "တရုတ်နိုင်ငံ၏ သုတေသနစာတမ်း အရေအတွက်နှင့် အရည်အသွေးသည် ထူးချွန်ပြီး အမေရိကန်ကို သာလွန်သည်" ဟု ချီးကျူးခဲ့သည်။
Times Higher Education အဆင့်သတ်မှတ်ချက်အရ လွန်ခဲ့သည့်နှစ်များတွင် တရုတ်နိုင်ငံရှိ Tsinghua နှင့် Peking တက္ကသိုလ်တို့သည် အဆင့် (၄၇) နှင့် (၄၂) အသီးသီးရှိခဲ့သော်လည်း ယခုနှစ်တွင် အဆင့် (၁၂) နှင့် (၁၃) အထိ နေရာယူလာနိုင်ခဲ့ကြောင်း သိရသည်။
The Chosun Daily