Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Online CHRD ဘာသာစကားသင်တန်းများ ဖွင့်လှစ်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Online CHRD ဘာသာစကားသင်တန်းများနှင့်ပတ်သက်၍ ကြေငြာချက်

(၁) မြန်မာနိုင်ငံဒေသအသီးသီးမှ ဘာသာစကားလေ့လာလိုသူကျောင်းသူကျောင်းသားများ အိုးမကွာ၊ အိမ်မကွာလေ့လာသင်ယူခွင့်ရရှိနိုင်ရန် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းသားအရင်းအမြစ်ဗဟိုဌာနသည် ဘာသာစကား အချိန်ပိုင်းသင်တန်းများကို Online မှတစ်ဆင့် ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလဆန်းပိုင်းတွင် ဖွင့်လှစ်ရန် ပြင်ဆင်လျက်ရှိပါသည်။

(၂) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန် နှင့် ထိုင်းဘာသာစကားများအပြင် နိုင်ငံခြားသားများ အတွက် မြန်မာဘာသာစကားသင်တန်းများ ဖွင့်လှစ်သင်ကြားမည် ဖြစ်ပါသည်။ စပိန်ဘာသာနှင့် အီတာလျံဘာသာစကားသင်တန်းများတွင် နိုင်ငံခြားသားဆရာများကလည်း သင်ကြားမည် ဖြစ်ပါသည်။

(၃) သင် တန်း များကို Online မှ သင်ကြားရာတွင်  YUFL E-campus (Moodle Learning Management System နှင့် Microsoft TEAMS Video Conferencing Platform တို့ကို ပူးတွဲအသုံးပြုသင်ကြားပို့ချမည်ဖြစ်ပါသည်။ YUFL E-campus (Moodle Learning Management System) တွင်ကျောင်းသားကျောင်းသူများသည် တစ်ပတ်လျှင် အနည်းဆုံး (၁၀) နာရီ ကိုယ်တိုင်လေ့လာသင်ယူရမည် ဖြစ်ပါသည်။ YUFL E-Campus တွင် ကျောင်းသူ ကျောင်းသားများသည် မိမိအချိန်ပေးနိုင်သလောက် သင်ခန်းစာများကို ဖတ်ရှု နားထောင်လေ့ကျင့်နိုင်မည် ဖြစ်သည့်အပြင် ဆရာဆရာမများ၏ Feedback ကိုလည်း စနစ်တကျရရှိမည်ဖြစ်ပါသည်။ Microsoft TEAMS Video Conferencing Platform တွင် တစ်ပတ်လျှင် စုစုပေါင်းပေါင်း (၆) နာရီကြာ ဆရာဆရာမများနှင့် တိုက်ရိုက်ထိတွေ့သင်ယူခွင့်ရရှိမည်ဖြစ်ပြီး စာသင်ခန်းတစ်ခန်းတွင် ကျောင်းသူကျောင်းသား (၄၀) သာထားရှိမည် ဖြစ်ပါသည်။

(၄) ဤသင်တန်းကို တက္ကသိုလ်ဝင်တန်းစာမေးပွဲအောင်မြင်ပြီးသူများနှင့် အခြေခံပညာအထက်တန်းအဆင့် ပြီးမြောက်သူများမှ စတင်တက်ရောက်သင်ယူနိုင်မည် ဖြစ်ပါသည်။ သင်တန်းကာလမှာ (၃) လဖြစ်ပြီး သင်တန်းပြီးမြောက်သူများအနေနှင့် အဆင့် (၆) ဆင့်အထိ အဆင့်ဆင့်တက်ရောက် သင်ယူနိုင်မည် ဖြစ်ပါသည်။ သင်တန်းကြေးမှာ (၃) လသင်တန်းအတွက် သင်တန်းကြေး (၆၀၀၀၀) ကျပ် ပေးသွင်းရမည် ဖြစ်ပါသည်။ မြန်မာဘာသာစကားသင်တန်းတက်ရောက်မည့် နိုင်ငံခြားသား ကျောင်းသား၊ ကျောင်းသူများအနေနှင့် သင်တန်းကြေး (အမေရိကန်ဒေါ်လာ ၂၀၀ နှင့်ညီမျှသော မြန်မာငွေ) ကို ပေးသွင်းရမည် ဖြစ်ပါသည်။

(၅) သင်တန်းတက်ရောက်ရာတွင် အောက်ပါအစီအစဉ်များမှ မိမိနှင့်အဆင်ပြေသောအချိန်ကို ရွေးချယ် တက်ရောက် နိုင်ပါသည်။

  1.  တနင်္လာ၊ ဗုဒ္ဓဟူ သောကြာနေ့ညနေပိုင်း (ညနေ ၅:၃၀ နာရီမှ ၇:၃၀ နာရီထိ) ယခုတစ်ကြိမ်သာ ဖွင့်လှစ်မည် ဖြစ်ပါသည်။)
  2.  အင်္ဂါ၊ ကြာသပတေး၊ စနေညနေပိုင်း(ညနေ ၅:၃၀ နာရီမှ ၇:၃၀ နာရီထိ)
  3.  စနေ၊ တနင်္ဂနွေ နေ့လယ်ပိုင်း (နေ့လယ် ၂:၃၀ နာရီမှ ၅:၃၀ နာရီထိ)

(၆) သင်တန်းတက်ရောက်ရန် သင်တန်းသားများသည် မိမိတို့၏ Email address များနှင့် ဖုန်းနံပါ်များရှိရန် လိုအပ်ပါသည်။ သင်တန်းတက်ရောက်စဉ်ကာလအတွင်း တက္ကသိုလ်၏ Email  Account ရရှိအသုံးပြုရမည် ဖြစ်ပါသည်။ ထို့အတွက် သင်တန်းတက်ရောက်နေစဉ်ကာလအတွင်း အသုံးပြုရန်ကျောင်းသား တစ်ဦးချင်းစီအား Microsoft 365 Al Account များကို ပြုလုပ်ပေးမည် ဖြစ်ပါသည်။Online သင်တန်းတက်ရောက်ရာတွင် မိုဘိုင်းဖုန်းမှတစ်ဆင့် သင်ခန်းစာများကိုလည်း သင်ယူလေ့လာနိုင်သော်လည်။ Microsoft 365 Al Account နှင့်  YUFL E-campus (Moodle Learning Management System) ၌ သင်ယူသူကိုယ်တိုင် လုပ်ဆောင်မှုအချို့တွင် အခက်အခဲများ တွေ့ကြုံနိုင်သောကြောင့် ကွန်ပျူတာ (သို့) Tablet ကို အသုံးပြုရန် အကြံပြုလိုပါသည်။

(၇) သင်တန်းတက်ရောက်ရန်အတွက် YUFL ၏ ကိုယ်ပိုင် Website တွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ (၁) ရက်နေ့တွင် တိုက်ရိုက် မှတ်ပုံတင်စာရင်းပေးသွင်းတက်ရောက်နိုင်တော့မည် ဖြစ်ပါသည်။ ။

(၈) သင်တန်းတက်ရောက်ပါက အင်္ဂလိပ် ဂျာမန်နှင့် ဂျပန်ဘာသာရပ်များအတွက် သင်တန်းသုံးစာအုပ်များ (Digital Books) ကို သက်ဆိုင်ရာမူရင်းစာအုပ်ဆိုင်များမှ တိုက်ရိုက်ဝယ်ယူအသုံးပြုသင်ကြားမည် ဖြစ်ပါသည်။ ကျောင်းသား၊ ကျောင်းသူများမှ စာအုပ်ဖိုးကုန်ကျငွေကို ထပ်မံကျခံရမည် ဖြစ်ပါသည်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

By Myanmar Education Guide (EDGE) 
 

News Read 4727 times