Sales Hotline : 09448001653       Download App



ရှီကျင်းပင်း အတွေးအမြင်များကို မူလတန်းမှ တက္ကသိုလ်အထိ ဖတ်စာအုပ်များပြဋ္ဌာန်း

တရုတ်သမ္မတရှီကျင်းပင်၏ သဘောထားအတွေးအခေါ်နှင့်သက်ဆိုင်သည့် အကြောင်းအရာများကို ကျောင်းသုံးဖတ်စာအုပ်သစ်များတွင် ထည့်သွင်းခဲ့ခြင်းနှင့်အတူ စက်တင်ဘာ ၁ ရက်တွင် တရုတ်ကျောင်းသူ၊ ကျောင်းသားများ စာသင်ကျောင်းသို့ ပြန်လည် တက်ရောက်နေကြပြီဖြစ်သည်။

မျိုးဆက်သစ် မျိုးချစ်ပုဂ္ဂိုလ်များ ထွက်ပေါ်လာစေရန်နှင့် ရှီကျင်းပင်၏ ပုဂ္ဂိုလ်ရေးဆိုင်ရာ ယုံကြည်မှုအတွင်းသို့ အသက် ခုနစ် နှစ်အရွယ်ရှိသော ကလေးငယ်များကို စည်းရုံးသိမ်းသွင်းနိုင်ရန် ကွန်မြူနစ်ပါတီက ရည်မှန်းနေစဉ် သင်ရိုးသစ်ဖတ်စာအုပ်ကိစ္စ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

စာသင်နှစ်စတင်သည့် စက်တင်ဘာ ၁ ရက်မှစ၍ မူလတန်းစာသင်ကျောင်းများမှ တက္ကသိုလ်ကျောင်းများအထိ သင်ရိုးစာအုပ်များထဲတွင် သမ္မတရှီ၏ နိုင်ငံရေး သဘောထားအမြင်နှင့်သက်ဆိုင်သည့် အကြောင်းအရာများအား ထည့်သွင်းဖော်ပြမည့်ကိစ္စကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

လူငယ်များ၏ စိတ်နှလုံးထဲ၌ ပါတီ၊ နိုင်ငံနှင့် ဆိုရှယ်လစ်ဝါဒချစ်စိတ် ရှင်သန်စေရန် မူလတန်းဆရာများအနေဖြင့် ပျိုးထောင်ပေးကြရမည်ဖြစ်ကြောင်း သင်ရိုးသစ် ပြဋ္ဌာန်းမှုနှင့်ပတ်သက်၍ အစိုးရအဖွဲ့၏ အသိပေးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဖတ်စာအုပ်သစ်များထဲတွင် သမ္မတရှီ၏ မှတ်စုတိုများ၊ ပြုံးနေသည့်ဓာတ်ပုံများ ထည့်သွင်းထားပြီး အခြေခံမူလတန်းကျောင်းသားများအနေဖြင့် တရုတ်၏ ခေတ်မီလူမှုအဖွဲ့အစည်း၊ ဆင်းရဲမှုလျှော့ချရေးနှင့် COVID-19 ကပ်ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်သော အခန်းကဏ္ဍတို့ကို လေ့လာသင်ယူရတော့မည်ဖြစ်သည်။

သာမန်အရပ်သားများနှင့် သမ္မတရှီ တွေ့ဆုံမှုအကြောင်းအရာများကို ပုံပြင်တိုများသဖွယ်ဖော်ပြခြင်း၊ မျိုးချစ်ဝါဒ၊ တာဝန် ဝတ္တရားများနှင့်ပတ်သက်သော ရှီ၏ ပြောကြားချက် စာတိုများကို သင်ခန်းစာများထဲတွင် ရောယှက်ထည့်သွင်းထားသည်။


စစ်တပ်အပေါ် ပါတီ၏ အကြွင်းမဲ့ ဦးဆောင်အုပ်ချုပ်မှု၊ ဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် လူနေမှုအဆင့်အတန်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းအချက်များအပါအဝင် မူ ၁၄ ချက်သည် ရှီ၏ သဘောထားအမြင်ထဲတွင် ပါဝင်နေသည်။

ထိုအချက်များသည် ၂၀၁၈ ခုနှစ် ဥပဒေပြု လွှတ်တော်အစည်းအဝေးအတွင်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ထည့်သွင်းခဲ့ခြင်းဖြစ်ကာ ယင်းအစည်းအဝေးအတွင်း သမ္မတ သက်တမ်းကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့ပြီး နိုင်ငံအား အကန့်အသတ်မရှိအုပ်ချုပ်နိုင်စေရန် ရှီကျင်းပင်ကို လမ်းဖွင့်ပေးခဲ့သည်။

လက်ရှိတွင် သမ္မတရှီ၏ သဘောထားအမြင်များကို တာဝန်ရှိသူများက ကိုးကားပြောဆိုနေကြပြီး ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု တိုက်ဖျက်ရေးမှသည် စာပေနှင့် ယဉ်ကျေးမှုကဏ္ဍအထိ အကြောင်းအရာများထဲတွင် သွယ်ဝိုက်၍ အမျိုးမျိုးအဖုံဖုံ ကိုးကားနေကြသည်။

news-eleven.com
 

International News Read 939 times