ပညာရေးအရည်အသွေးကို ခေတ်မီတိုးတက်စေရန်အတွက် ၂၀၂၆ ခုနှစ်မှ ၂၀၃၅ ခုနှစ်အထိ ဗီယက်နမ်ဒေါင်ငွေ (၅၈၀) ထရီလီယံကျော် (အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံခန့်) ရင်းနှီးမြှပ်နှံသွားမည်ဖြစ်ကြောင်း ဗီယက်နမ်အစိုးက ထုတ်ပြန်ခဲ့သည်။
အဆိုပါအစီအစဥ်သည် အမျိုးသားပညာရေးစနစ်ကို စံပြု၍ ပြုပြင်မွမ်းမံရန်၊ သင်ယူမှုအခွင့်အလမ်းများ တိုးချဲ့ရန်၊ ပညာရေးတွင် တရားမျှတမှုရှိစေရန်နှင့် ကျွမ်းကျင်သော လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များကို ပိုမို ကောင်းမွန်စွာ ဖြည့်ဆည်းရန် ရည်ရွယ်သည်ဟု ဆိုသည်။
ပညာရေးကို အဆင့်မြှင့်တင်ရန် လိုအပ်သည့် အခြေခံအဆောက်အဦးများ (ဥပမာ - ဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများ၊ ဘော်ဒါဆောင်များ) နှင့် စံချိန်စံညွှန်းမီ သင်ထောက်ကူပစ္စည်းများ အလုံအလောက် ရှိစေရေးကို ၂၀၃၀ ခုနှစ် ပန်းတိုင်အဖြစ် ရည်မှန်းထားသည်။
ထို့အပြင် အစိုးရတက္ကသိုလ် ရှစ်ခုတွင် ရင်းနှီးမြှုပ်နှံပြီး အာရှ၏ ထိပ်တန်း တက္ကသိုလ် (၂၀၀) စာရင်းတွင် ပါဝင်နိုင်ရန် ရည်မှန်းထားသည်။ အဆိုပါ တက္ကသိုလ်ရှစ်ခုအနက် အနည်းဆုံး တစ်ကျောင်းသည် ထိပ်တန်းတက္ကသိုလ် (၁၀၀) စာရင်းတွင် ပါဝင်နိုင်ရန် ပစ်မှတ်ထားသည်။
၂၀၂၆-၂၀၃၅ ကာလအတွက် ခန့်မှန်းထားသော စုစုပေါင်းရင်းနှီးမြှုပ်နှံမှုမှာ ဗီယက်နမ်ဒေါင်ငွေ (၅၈၀.၁၃၃) ထရီလီယံခန့် (အကြမ်းဖျင်းအားဖြင့် အမေရိကန်ဒေါ်လာ ၂၃.၇ ဘီလီယံ) ဖြစ်သည်။
၎င်းတွင် ဗဟိုအစိုးရဘတ်ဂျက်မှ ဗီယက်နမ်ဒေါင်ငွေ (၃၄၉.၁၁၃) ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၁၄.၃ ဘီလီယံ) နှင့် ပြည်တွင်းဘတ်ဂျတ်မှ ဗီယက်နမ်ဒေါင်ငွေ (၁၁၅.၇၇၃) ထရီလီယံခန့် (အမေရိကန်ဒေါ်လာ ၄.၇၅ ဘီလီယံ) ပါဝင်သည်။ ထပ်လောင်းရန်ပုံငွေများသည် ပညာရေးအဖွဲ့အစည်းများနှင့် အခြားတရားဝင် ရင်းမြစ်များမှ ရရှိမည်ဖြစ်ကြောင်း သိရသည်။
Source - Xinhua