အိန္ဒိယနိုင်ငံ ဥတာပရာဒက်ရှ်ပြည်နယ်ရှိ အစိုးရ အခြေခံပညာကျောင်းများတွင် စာဖတ်ခြင်းအလေ့အထ အားကောင်းရန်နှင့် စခရင်ကြည့်ချိန် လျှော့ချရန် နေ့စဉ်သတင်းစာဖတ်ခြင်းကို မဖြစ်မနေ လုပ်ကြရန် ညွှန်ကြားထားသည်။
ကျောင်းများသည် မနက်ခင်း ကျောင်းသားများ စုဝေးချိန်တွင် ပြည်တွင်းနှင့် ပြည်ပသတင်းများ၊ အားကစားသတင်းများ၊ အယ်ဒီတာ့အာဘော်များအား နေ့စဉ် (၁၀) မနစ် အချိန်ပေး ဖတ်ရှုပြီး 'တစ်နေ့တာ၏ စကားလုံး' လေ့ကျင့်ခန်းကို ပုံမှန်လုပ်ရန် ဥတာပရာဒက်ရှ် အစိုးရက ဒီဇင်ဘာ (၂၃) ရက်နေ့တွင် မူဝါဒ ချမှတ်ခဲ့သည်။
အဆိုပါ ခြေလှမ်းအစသည် စာဖတ်ခြင်းယဉ်ကျေးမှုကို မြှင့်တင်ရန်နှင့် ကျောင်းသားများ၏ ယေဘုယျအသိဥာဏ်၊ ဘာသာစကားစွမ်းရည်နှင့် ခွဲခြမ်းစိတ်ဖြာတွေးခေါ်မှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ပါသည်။
ဤလုပ်ဆောင်ချက်ကို ပံ့ပိုးရန်အတွက် ကျောင်းစာကြည့်တိုက်များကို ဟိန္ဒီနှင့် အင်္ဂလိပ် သတင်းစာ နှစ်မျိုးလုံး ရရှိနိုင်စေရန် ညွှန်ကြားထားပါသည်။ သတင်းစာများမှ ရွေးချယ်ထားသော စကားလုံး (၅) လုံးကို ကျောင်းကြော်ငြာသင်ပုန်းများတွင် နေ့စဉ်ပြသပေးသွားမည်ဖြစ်သည်။
ယခု ပြဌာန်းချက်သည် ကျောင်းသားများအတွက် စာမေးပွဲ ဖြေဆိုရာတွင် ပိုမို ထိရောက်စွာ ပြင်ဆင်နိုင်စေရန်နှင့် သတင်းမှားများနှင့် သတင်းအတုများကို ဖော်ထုတ်နိုင်စေရန် ကူညီပေးမည်ဟု ပညာရေးအရာရှိများက မျှော်လင့်ထားသည်။
နေ့စဉ်သတင်းစာဖတ်ခြင်းမှစ၍ ကျောင်းတွင်းသတင်းစာများ သို့မဟုတ် မဂ္ဂဇင်းများကို ထုတ်ဝေခြင်း၊ အတန်းကြီးများသည် ဆောင်းပါးများ ရေးသားခြင်းနှင့် မတူညီသည့် အမြင်များအား အဖွဲ့လိုက် ဆွေးနွေးခြင်း၊ အတန်းငယ်များသည် စကားလုံးအသစ်များ လေ့လာခြင်းနှင့် စကာလုံးအဓိပ္ပါယ်ကို နားလည်ခြင်းဖြင့် ရုပ်ပုံမှတ်တမ်းစာအုပ်များ ဖန်တီးစေခြင်းတို့ကိုပါ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်အစိုးရသည် ကျောင်းသားများအား အစိုးရခရိုင်စာကြည့်တိုက်များသို့ ဝင်ရောက် လည်ပတ်ခွင့်ပေးခဲ့ပြီး အပတ်စဉ် အနည်းဆုံး သင်ရိုးညွှန်းတမ်းမဟုတ်သော စာအုပ်တစ်အုပ်ကို မဖြစ်မနေထုတ်ရန် ညွှန်ကြားထားသည်။
အဆိုပါအမိန့်ကို တိုင်းဒေသကြီးပညာရေးမှူးများ၊ ခရိုင်စစ်ဆေးရေးမှူးများနှင့် အခြေခံပညာဦးစီးဌာနမှူးများထံ ဖြန့်ဝေထားပြီး ဥတာပရာဒက်ရှ်တစ်ဝှမ်း တင်းကျပ်ပြီး တစ်ပြေးညီ အကောင်အထည်ဖော်ရမည်ဖြစ်သည်။
Source - India Today, India Times