ထိုင်းနိုင်ငံ၏ ပုဂ္ဂလိကပညာရေးကဏ္ဍသည် ဖိအားများနှင့် ရင်ဆိုင်နေရပြီး၊ ကုန်ကျစရိတ် မြင့်မားလာခြင်းနှင့် ကျောင်းသားဝင်ခွင့် လျော့နည်းလာခြင်းတို့ကြောင့် ၂၀၂၆ ခုနှစ်အတွင်း ပုဂ္ဂလိကကျောင်းပေါင်း (၈၀) အထိ ပိတ်သိမ်းရဖွယ်ရှိကြောင်း လုပ်ငန်းနယ်ပယ်မှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပုဂ္ဂလိကပညာရေး ညှိနှိုင်းဆောင်ရွက်မှုနှင့် မြှင့်တင်ရေးအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သူ Supaset Khanakul က ကျောင်းပိတ်သိမ်းမှုနှုန်းမှာ ယခင်နှစ်များထက် ပိုမို များလာနိုင်လာပြီး ဘန်ကောက်မြို့ရှိ ကျောင်းအချို့မှာ လုပ်ငန်းများ ရပ်ဆိုင်းသွားခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကျောင်းတည်ထောင်သူများက အဓိကစိန်ခေါ်မှုများအဖြစ် ကျောင်းသားကြိုပို့ယာဉ်များအတွက် လောင်စာဆီစရိတ် မြင့်မားလာခြင်း အပါအဝင် ကုန်ကျစရိတ်များ တိုးလာခြင်းနှင့်အတူ ကျောင်းသားဝင်ခွင့် အရေအတွက် ကျဆင်းလာခြင်းတို့ကို ထောက်ပြခဲ့ကြသည်။
ထို့ပြင် အစိုးရကျောင်းများသည် စာသင်ခန်းအရွယ်အစားကို တိုးချဲ့လာခြင်းနှင့် ဝင်ခွင့်လွယ်ကူခြင်းတို့ကြောင့် ပုဂ္ဂလိကကျောင်းများမှ ကျောင်းသားများကို ဆွဲဆောင်သွားနိုင်ခဲ့ပြီး အစိုးရကျောင်းများနှင့် ယှဉ်ပြိုင်ရမှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။
ထို့အပြင် မြေစျေးနှုန်းကြီးမြင့်မှုနှင့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ ကန့်သတ်ချက်များကြောင့် ကျောင်းပိုင်မြေနှင့် အဆောက်အအုံများကို အခြားလုပ်ငန်းများအတွက် ပြောင်းလဲအသုံးပြုခြင်းက အချို့သော ကျောင်းပိုင်ရှင်များအတွက် ငွေကြေးအရ ပိုမိုတွက်ခြေကိုက်စေကြောင်း Supaset က ထောက်ပြခဲ့သည်။
အထူးသဖြင့် ကျောင်းမုန့်ကျွေးသည့် အစီအစဉ်များကဲ့သို့သော ကဏ္ဍများတွင် ပိုမိုမျှတသော ထောက်ပံ့မှုများ ရရှိစေရန်အတွက် ပြုပြင်ပြောင်းလဲမှုများ လိုအပ်ကြောင်းနှင့် အစိုးရနှင့် ပုဂ္ဂလိကပညာရေးကြား ရန်ပုံငွေခွဲဝေမှု ကွာဟချက်များကို ဖြေရှင်းပေးရန် သူက အစိုးရအား တောင်းဆိုခဲ့သည်။
ပုဂ္ဂလိကပညာရေးကဏ္ဍသည် နိုင်ငံတာကျောင်းများနှင့်လည်း ရင်ဆိုင်နေရသည့်အပြင် အစိုးရကျောင်းများ၏ အထူးစပယ်ရှယ် ပရိုဂရမ်အသစ်များကြောင့်လည်း ကျောင်းသားတက်ရောက်မှု လျော့နည်းလာကာ လုပ်ငန်းလည်ပတ်မှုတွင် အခက်အခဲဖြစ်လာသည်။
ပုဂ္ဂလိကကျောင်းများ ပိတ်သိမ်းလာရခြင်းမှာ မိသားစုများနှင့် ကျောင်းများအပေါ် သက်ရောက်နေသည့် စီးပွားရေးဖိအားများကို ထင်ဟပ်နေပြီး နိုင်ငံအတွင်းရှိ ပုဂ္ဂလိကပညာရေး၏ ရေရှည်တည်တံ့နိုင်စွမ်းအပေါ် စိုးရိမ်ပူပန်မှုများ မြင့်တက်စေကြောင်း လေ့လာဆန်းစစ်သူများက ပြောကြားခဲ့ကြပါသည်။