စင်္ကာပူနိုင်ငံတွင် လာမည့် ၂၀၂၇ ခုနှစ်မှစတင်၍ တက္ကသိုလ်နှင့် ကောလိပ်များရှိ ကျောင်းသားများအားလုံးသည် ဉာဏ်ရည်တု (AI) ကျွမ်းကျင်မှုပညာရပ်များကို မဖြစ်မနေ သင်ယူကြရမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီး Desmond Lee က မေ (၂၁) ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ AI ဘာသာရပ်များကို အဆင့်မြင့်ပညာရေးတက္ကသိုလ်နှင့် ကောလိပ်များက ရေးဆွဲထားသည့် "အခြေခံ AI ကျွမ်းကျင်မှုဆိုင်ရာ မူဘောင်များ" အတိုင်း လမ်းညွှန်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ မူဘောင်သည် ကျောင်းသားများအား AI ကို နက်နက်ရှိုင်ရှိုင်း နားလည်ပြီး အသုံးပြုနိုင်ရုံသာမကဘဲ AI ၏ ကျင့်ဝတ်ပိုင်း၊ လူမှုရေးပိုင်းနှင့် ဥပဒေပိုင်းဆိုင်ရာ သက်ရောက်မှုများအပါအဝင် ၎င်း၏ စွမ်းဆောင်ရည်ကို ဝေဖန်ပိုင်းခြားနိုင်ရန် ရည်ရွယ်ပါသည်။
၂၀၂၇ ပညာသင်နှစ်မှ စတင်၍ တက္ကသိုလ်များ၊ ကောလိပ်များ၊ ပိုလီတက္ကနစ်နှင့် နည်းပညာကျောင်းများတွင် တက်ရောက်မည့် ကျောင်းသားများသည် အသစ်ရေးဆွဲထားသည့် AI ဘာသာရပ်များကို လေ့လာကြရမည်ဖြစ်ပြီး၊ လက်ရှိ တက်ရောက်နေဆဲ ကျောင်းသားများအတွက်မူ ရှိပြီးသား သင်ရိုးညွှန်းတမ်းများကို မွမ်းမံပြင်ဆင်ပေးသွားမည်ဖြစ်သည်။
အဆိုပါ AI ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်တွင် ပုံမှန်တက္ကသိုလ်ကျောင်းသားများသာမက စဉ်ဆက်မပြတ်ပညာရေးနှင့် လေ့ကျင့်ရေး (CET) အစီအစဉ်အောက်ရှိ သက်ကြီးပိုင်းသင်တန်းသားများ အပါအဝင် အဆင့်မြင့်ပညာရေးကျောင်း (IHL) တက်ရောက်နေသူအားလုံး ပါဝင်မည်ဖြစ်သည်။
၎င်းတို့၏ ဘွဲ့၊ ဒီပလိုမာ သင်တန်းများ၏ အစိတ်အပိုင်းတစ်ခုအနေဖြင့် မိမိတို့သက်ဆိုင်ရာ အသက်မွေးဝမ်းကျောင်းကဏ္ဍအလိုက် AI ကျွမ်းကျင်မှု ဘာသာရပ်များကို သင်ကြားခွင့် ရရှိကြမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက ပြောကြားသည်။
ပညာရေး၀န်ကြီး မစ္စတာလီသည် စင်ကာပူနိုင်ငံ၏ ပညာရေးကဏ္ဍတွင် AI နည်းပညာ သင်ကြားမည့်ပုံစံ အပိုင်းလေးပိုင်းကို အကြမ်းဖျင်း ရှင်းလင်းပြောကြားခဲ့သည်။
ပထမဦးစွာ ကျောင်းသားများသည် AI ကိရိယာများကို မည်သို့အသုံးပြုရမည်ကို မသင်ယူမီ AI ၏ စွမ်းဆောင်ရည်များနှင့် ၎င်း၏ စိုးရိမ်ရသည့် ဘေးထွက်ဆိုးကျိုးများ အပါအဝင် AI ဆိုသည်မှာ မည်သည့်အရာဖြစ်ကြောင်းကို အရင်ဆုံး နားလည်သဘောပေါက်ရမည်ဖြစ်သည်။
ဒုတိယနှင့် တတိယအချက်အနေဖြင့် ကျောင်းသားများနှင့် ဆရာများသည် ထိုနည်းပညာအပေါ် လုံးလုံးလျားလျား မှီခိုသွားခြင်းမျိုး မရှိစေဘဲ မိမိတို့၏ သင်ယူမှုစွမ်းရည်ကို ပိုမိုမြင့်မားလာစေရန်အတွက်သာ AI ကို အသုံးပြုသင့်သည်။
စတုတ္ထမြောက်နှင့် အရေးကြီးဆုံးအချက်မှာမူ AI က ပြောသမျှမယုံဘဲ မိမိတို့၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာ ဝေဖန်ပိုင်းခြားနိုင်စွမ်းကို အသုံးချနိုင်ရန် AI ထက် ကျော်လွန်သည့် သင်ယူခြင်းမျိုး ရှိရပါမည်။
ထို့အပြင် ကျောင်းသင်ခန်းစာများတွင် AI နည်းပညာကို အသုံးပြုခြင်းသည် ကျောင်းသားများအတွက် ဖြတ်လမ်းနည်းများ သုံးလာစေရန် တွန်းအားပေးခြင်းမျိုး မဟုတ်ဘဲ၊ ၎င်းတို့၏ သင်ယူမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်စေရန်သာ ရည်ရွယ်သည်။
တစ်ဖက်တွင် ကျောင်းသားများနှင့် ဆရာများကို AI သင်ယူမှုကိရိယာများ အသုံးပြုရန် တိုက်တွန်းနေသော်လည်း ဦးနှောက်စွမ်းရည်ကို အသုံးမချတော့ဘဲ ပစ်ထားခြင်း သို့မဟုတ် စက်ပစ္စည်းများကိုသာ အရာရာတွေးခေါ်ခိုင်းခြင်းမျိုး မဖြစ်စေရန် ပညာရေး၀န်ကြီးက သတိပေးပြောကြားခဲ့သည်။
Source - CNA