ဂျပန်နိုင်ငံတွင် ပညာသင်ကြားသည့် နိုင်ငံခြားသားကျောင်းသား အရေအတွက်သည် ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် (၄) သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။
နိုင်ငံတကာကျောင်းသား (၄) သိန်းကျော်ကို နိုင်ငံအတွင်းသို့ ဆွဲဆောင်ရန် ချမှတ်ထားသည့် ရေရှည်ရည်မှန်းချက်ကို ဂျပန်အစိုးရအနေဖြင့် သတ်မှတ်ချိန်ထက် ဆယ်စုနှစ်နီးပါး စောစီးစွာ အောင်မြင်ခဲ့ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံ ကျောင်းသားဝန်ဆောင်မှုအဖွဲ့ (JASSO) ၏ စစ်တမ်းအရ ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ဂျပန်နိုင်ငံရှိ ကျောင်းများ၌ တက်ရောက်နေသည့် နိုင်ငံတကာကျောင်းသား အရေအတွက်မှာ စံချိန်တင် (၄၀၈,၀၆၉) ဦးအထိ ရှိခဲ့ပြီး၊ ယခင်ဘဏ္ဍာရေးနှစ်ထက် (၇၁,၃၆၁) ဦး တိုးလာကြောင်း သိရသည်။
တက္ကသိုလ်များတွင် ကျောင်းသား (၁၅၆,၅၉၃) ဦး တက်ရောက်ခဲ့ပြီး (၇,၆၉၂) ဦး တိုးလာခဲ့သော်လည်း၊ အသိသာဆုံး တိုးတက်မှုကိုမူ အသက်မွေးဝမ်းကျောင်းကောလိပ်များတွင် တွေ့ရသည်။
အဆိုပါ ကောလိပ်များတွင် ကျောင်းသား (၁၀၆,၈၂၉) ဦးအထိ ဖိတ်ခေါ်နိုင်ခဲ့ကာ (၃၀,၄၂၇) ဦးအထိ ခုန်တက်သွားခဲ့သည်။ ထို့အပြင် ဂျပန်ဘာသာစကား သင်တန်းကျောင်းများတွင်လည်း ကျောင်းသား (၁၄၀,၁၇၄) ဦး တက်ရောက်ခဲ့ပြီး (၃၂,၉၃၃) ဦး တိုးလာခဲ့သည်။
ယခုကဲ့သို့ ကျောင်းသားအရေအတွက် သိသိသာသာ မြင့်တက်လာခြင်းမှာ နီပေါနှင့် မြန်မာနိုင်ငံတို့မှ ကျောင်းသားများ တိုးလာခြင်းကြောင့် အဓိကဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနက မေလ (၂၉) ရက်နေ့တွင် ပြောကြားခဲ့သည်။
သို့သော်လည်း တစ်ဖက်တွင်မူ ဂျပန်ကျောင်းသားများကို ပြည်ပသို့ စေလွှတ်ကာ ပညာသင်ကြားစေမည့် အစိုးရ၏ တွန်းအားပေးမှုအစီအစဉ်မှာတော့ တုံ့ဆိုင်းနှောင့်နှေးလျက်ရှိသည်။ ၂၀၃၃ ခုနှစ်တွင် ဂျပန်ကျောင်းသား (၅) သိန်းကို ပြည်ပသို့ စေလွှတ်ရန် ချမှတ်ထားသည့် အစိုးရ၏ ရည်မှန်းချက်မှာမူ အလှမ်းဝေးနေဆဲ ဖြစ်သည်။
၂၀၂၄ ဘဏ္ဍာရေးနှစ် JASSO ၏ စစ်တမ်းအရ ဂျပန်ကျောင်းသား (၉၁,၀၅၄) ဦးသာ ပြည်ပရှိ ကာလတိုနှင့် ကာလလတ် အစီအစဉ်များတွင် တက်ရောက်နေကြောင်း သိရသည်။ ထို့အပြင် ၂၀၂၃ ခုနှစ် ယူနက်စကို (UNESCO) ၏ သီးခြားစာရင်းဇယားများအရ ဂျပန်ကျောင်းသား (၅၀,၁၃၉) ဦးသာ ပြည်ပတွင် ကာလရှည်ဘွဲ့လွန်သင်တန်းများ တက်ရောက်နေကြသည်။
ဂျပန်ကျောင်းသားများ ပြည်ပထွက်မှု နှောင့်နှေးနေရခြင်းမှာ ဂျပန်ယန်းငွေ တန်ဖိုးကျဆင်းမှုနှင့် ကမ္ဘာလုံးဆိုင်ရာ ငွေဖောင်းပွမှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ဘဏ္ဍာရေးဆိုင်ရာ ဖိအားများကြောင့် ဖြစ်သည်ဟု ဝန်ကြီးဌာနက သုံးသပ်ထားသည်။
ထိုသို့သော ငွေကြေးဖိအားများကြောင့် ကျောင်းသားများသည် ကုန်ကျစရိတ် ပိုမိုများပြားသည့် အမေရိကန်နှင့် ကနေဒါနိုင်ငံတို့အစား ဖိလစ်ပိုင်၊ တရုတ်နှင့် ထိုင်းနိုင်ငံတို့ကို ပြောင်းလဲရွေးချယ်လာကြသည်။
ထို့အပြင် ကျောင်းသားများသည် သွားရောက်သည့် ကာလကိုလည်း ပိုမိုတိုတောင်းသည့် ခရီးစဉ်များအဖြစ် ပြောင်းလဲရွေးချယ်လာကြသဖြင့် တစ်လအောက် ပရိုဂရမ်များတွင်သာ ကျောင်းသားအရေအတွက် တိုးလာခဲ့ပြီး၊ ယင်းထက် ပိုမိုကြာမြင့်သည့် ပြည်ပပညာသင်ယူမှုအားလုံးတွင်မူ အရေအတွက် လျော့နည်းနေသည်။
Source - The Asahi Shimbun