မြန်မာကျောင်းသား (၃၀၀) ကျော်ကို ခေါင်းပုံဖြတ်ခဲ့သည့် ပညာရေးအေဂျင်စီအား ဖင်လန်က စုံစမ်းနေ

ဖင်လန်နိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့၊ ဖင်လန်ပင်လယ်ကွေ့ရေကြောင်းစောင့်တပ်ခွဲ၏ ပြစ်မှုနှိမ်နှင်းရေးဌာနသည် ပညာရေးအေဂျင်စီတစ်ခုအား မြန်မာကျောင်းသားများအပေါ် အမြတ်ကြီးစားခေါင်းပုံဖြတ်မှုခေါင်းစဉ်ဖြင့် စုံစမ်းစစ်ဆေးမှုများလုပ်ဆောင်နေကြောင်း မေလ (၂၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။

အဆိုပါပညာရေးအေးဂျင်စီ အမည်အား တရာဝင်ထုတ်ပြန်ထားခြင်းမရှိသော်လည်း ၎င်း၏ ၂၀၂၂ ခုနှစ်မှ ၂၀၂၅ ခုနှစ်အတွင်း လုပ်ဆောင်ခဲ့သော လှုပ်ရှားမှုများကို စုံစမ်းစစ်ဆေးနေကြောင်း သိရသည်။

ထိုအေဂျင်စီတည်ထောင်သူအပါအဝင် ၎င်းနှင့် ပတ်သက်ဆက်နွယ်သူများသည် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ (၃၅၀) ခန့်ကို ကျောင်းတက်ရန် အကြောင်းပြချက်ဖြင့် ဖင်လန်နိုင်ငံသို့ ရောက်ရှိအောင် စီစဉ်ပေးခဲ့သည်ဟု သံသယရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထိုကျောင်းသားများကို ဖင်လန်နိုင်ငံတစ်ဝှမ်း မတူညီသော ဒေသအသီးသီးရှိ အထက်တန်းလွန် သို့မဟုတ် သက်မွေးပညာသင်ကျောင်းများ (Upper Secondary/Vocational Institutions) တွင် ပညာသင်ကြားနိုင်ရန် စီစဉ်ပေးခဲ့သည်။ 

၎င်းတို့သည် အဆိုပါကျောင်းသားအချို့ထံမှ ကျောင်းနေရာရရှိရေး၊ နေထိုင်ခွင့်ဗီဇာ လျှောက်ထားပေးခြင်း၊ ဘာသာစကားသင်တန်းပေးခြင်း စသည့် အကြောင်းပြချက်တို့ဖြင့် မတန်တဆ ငွေကြေးပမာဏကို ကောက်ခံခဲ့သည်ဟု သိရသည်။

ထို့အပြင် သားကောင်ဖြစ်ခဲ့ရသည့် ကျောင်းသားအများအပြားမှာ အဆိုပါ ပညာရေးပွဲစားနှင့် ဆက်စပ်သူများထံတွင် အကြွေးတင်ကျန်ခဲ့သဖြင့် ဖင်လန်နိုင်ငံတွင် ခက်ခဲသော အခြေအနေကို ရင်ဆိုင်နေရသည်ဟု ယူဆသည်။

သို့ဖြစ်ပါ၍ ဤရာဇဝတ်မှုတွင် နစ်နာသူများ ဖြစ်ခဲ့ရသော မြန်မာကျောင်းသားများအနေဖြင့် သက်ဆိုင်ရာသို့ လာရောက်သတင်းပို့ (အကြောင်းကြား) ကြပါရန် မေတ္တာရပ်ခံထားပြီး အမှုနှင့်ပတ်သက်၍ အခြားသိရှိထားသည်များ ရှိပါကလည်း အောက်ပါလိပ်စာတို့ကို သတင်းပေးပို့နိုင်ကြောင်း ထုတ်ပြန်ထားသည်။ 

[email protected]

WhatsApp 050 3311893

Source - https://raja.fi/-/koulutusagentin-uhreiksi-joutuneita-pyydetaan-ilmoittautumaan?
 

International News Latest Post Read 499 times