အင်ဒိုနီးရှားတွင် သုံးတန်းမှစ၍ အင်္ဂလိပ်စာကို မဖြစ်မနေ သင်ကြားရမည်

၂၀၂၇ ပညာသင်နှစ်မှစပြီး အင်ဒိုနီးရှားနိုင်ငံရှိ မူလတန်းကျောင်းသားများသည် တတိယတန်းတွင် အင်္ဂလိပ်စာကို မသင်မနေရဘာသာရပ်အဖြစ် စတင် သင်ကြားရတော့မည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးက အတည်ပြုပြောကြားခဲ့သည်။

အင်ဒိုနီးရှားကျောင်းအများအပြားတွင် အင်္ဂလိပ်စာကို မသင်မနေရ ဘာသာရပ်အဖြစ် မဟုတ်ဘဲ စိတ်ကြိုက်ရွေးချယ်စရာ ဘာသာရပ်တစ်ခုအဖြစ်သာ ကာလရှည်ကြာ သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

အစိုးရကျောင်းများတွင်လည်း အလယ်တန်းအဆင့်ဖြစ်သည့် (၆) တန်းရောက်မှသာ အင်္ဂလိပ်စာကို မသင်မနေရ ဘာသာရပ်တစ်ခုအဖြစ် သတ်မှတ်သင်ကြားခဲ့ကြသည်။

အခြေခံပညာရေးဝန်ကြီး Abdul Mu'ti က ကျောင်းသား၊ ကျောင်းသူများ၏ စွမ်းဆောင်ရည်ကို ငယ်ရွယ်စဉ်ကတည်းက မြှင့်တင်ပေးနိုင်ရန်အတွက် အစိုးရအနေဖြင့် အင်္ဂလိပ်စာကို မူလတန်းအရွယ်မှစ၍ စတင် သင်ကြားပေးရန် စီစဉ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ လာမည့်နှစ်မှစ၍ မူလတန်းအဆင့် တတိယတန်းမှစ၍ အင်္ဂလိပ်စာကို သင်မနေရ ဘာသာရပ်တစ်ခုအဖြစ် သင်ကြားရတော့မည်ဟု The Jakarta Globe သတင်းစာတွင် ဖော်ပြထားသည်။

ဤအစီအစဉ်ကို မစတင်မီ စပ်ကြားကာလအတွင်း ပညာရေးဝန်ကြီးဌာနအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပံ့ပိုးကူညီပေးမည့် လုပ်ငန်းစဉ်များကို ပြင်ဆင်နေပြီဖြစ်သည်။

၎င်းလုပ်ငန်းစဉ်များတွင် တစ်နိုင်ငံလုံးရှိ မူလတန်းပြ ဆရာ၊ ဆရာမများအတွက် ကျယ်ပြန့်ပြည့်စုံသော အင်္ဂလိပ်စာဘာသာစကား လေ့ကျင့်ရေးသင်တန်းများ ပေးခြင်းလည်း ပါဝင်သည်။

ဘာသာစကားတစ်ခုကို ငယ်ရွယ်စဉ်ကတည်းက ပိုမိုထိတွေ့ခွင့်ရရှိခြင်းက အင်ဒိုနီးရှားကျောင်းသားများ၏ နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာ တိုးတက်ကောင်းမွန်လာစေလိမ့်မည်ဟု မျှော်လင့်ရသည်။
 

International News Read 8 times