ပညာရေးရန်ပုံငွေ ဖြတ်တောက်မှုကြောင့် ကျောင်းမနေရကလေးပမာဏ မြင့်တက်လာနိုင်

ပညာရေးအတွက် နိုင်ငံတကာအကူအညီများ ကျဆင်းသွားသည်ဟု ခန့်မှန်းထားသောကြောင့် ကမ္ဘာတစ်ဝှမ်းရှိ ကလေးသန်းပေါင်းများစွာသည် ၂၀၂၆ နှစ်ကုန်တွင် ကျောင်းထွက်ရနိုင်သည်ဟု ယူနီဆက်ဖ်က စက်တင်ဘာ (၂) ရက်နေ့၊ အင်္ဂါနေ့တွင် သတိပေးခဲ့သည်။ 

ပညာရေးအတွက် လျာထားသည့် တရားဝင် ဖွံ့ဖြိုးရေးအကူအညီသည် လာမည့်နှစ်တွင် ၂၀၂၃ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၂၄%) ကျဆင်းသွားဖွယ်ရှိကြောင်း ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့သည်။

ဤကျဆင်းမှု၏ (၈၀%) သည် အလှူရှင်နိုင်ငံ (၃) နိုင်ငံဖြစ်သည့် အမေရိကန်၊ ဂျာမနီနှင့် ပြင်သစ်တို့နှင့် ဆက်စပ်နေသည်ဟု ဆိုသည်။

အကယ်၍ အဆိုပါဖြတ်တောက်မှုများ အမှန်တကယ်ဖြစ်လာပါက လာမည့် ၂၀၂၆ နှစ်ကုန်တွင် နောက်ထပ်ကလေး (၆) သန်းခန့် ကျောင်းထွက်ရနိုင်ခြေရှိသည်ဟု ခန့်မှန်းထားပြီး ကျောင်းမနေရကလေး စုစုပေါင်း (၂၇၂) သန်းမှ (၂၇၈) သန်းအထိ မြင့်တက်လာနိုင်သည်။

“ ဒီ (၆) သန်းဆိုတာ ဂျာမနီနဲ့ အီတလီမှာရှိတဲ့ မူလတန်းကျောင်းတိုင်းက ကလေးတွေ ကျောင်းထွက်တဲ့ ပမာဏနဲ့ ညီမျှပါတယ်" ဟု ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

“ပညာရေးကနေ ဖြတ်တောက်လိုက်တဲ့ ဒေါ်လာတိုင်းဟာ ဘတ်ဂျက်ဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုမျှသာမဟုတ်ဘဲ ကလေးတွေရဲ့ အနာဂတ်ကို ဟန်ချက်ပျက်စေပါတယ်" ဟု ယူနီဆက်ဖ်က အမှုဆောင်ဒါရိုက်တာ ကက်သရင်းရပ်ဆဲလ် (Catherine Russell) က ပြောသည်။

အထူးသဖြင့် ဟေတီ၊ ဆိုမာလီယာ၊ ပါလက်စတိုင်းနယ်မြေများကဲ့သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများ ကြုံတွေ့နေရသည့် နိုင်ငံများအား ပို၍ စိုးရိမ်ပူပန်မိကြောင်း ယူနီဆက်ဖ်က ပြောသည်။

ရန်ပုံငွေဖြတ်တောက်မှုကြောင့် အမျိုးသမီးများအတွက်လည်း ပညာရေးဆုံးရှုံးမှုများ ရှိလာနိုင်ကြောင်း ယူနီဆက်ဖ်က သတိပေးထားသည်။ အကြောင်းမှာ ကျောင်းလခများ အပြည့်အ၀ ပေးရခြင်းနှင့် အမျိုးသမီးသီးသန့်အိမ်သာ ဆောက်ရန် ငွေကြေး ဖြတ်တောက်ခံရခြင်းတို့ ဖြစ်လာနိုင်သည်။

ပထဝီဝင်အနေအထားအရ အာဖရိကအနောက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသည် ထိခိုက်မှုအများဆုံး ဖြစ်လာနိုင်ပြီး ကလေး (၁.၉) သန်းသည် ကျောင်းတက်ခွင့်မရသည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ကြောင်း ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

ကျောင်းလုံး၀ထွက်ရသည့် ကလေးများအပြင် ကျောင်းတက်ရသည့် ကလေးပေါင်း သန်း (၂၉၀) သည်လည်း ပညာရေးအရည်အသွေးကောင်းကို ရရှိရန် မမြင်ကြောင်း  ယူနီဆက်ဖ်က ပြောကြားခဲ့သည်။

Source - AFP

International News Read 12 times