နိုင်ငံတကာကျောင်းသားများ လျှော့ချခြင်းသည် အမေရိကန်ကောလိပ်တစ်ဝက်ကို ပိတ်သွားစေနိုင်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိကန်တက္ကသိုလ်များတွင် နိုင်ငံတကာကျောင်းသားများ ရှိနေခြင်းသည် အဆင့်မြင့်ပညာရေးစနစ်၏ ဘဏ္ဍာရေးတည်ငြိမ်မှုအတွက် မရှိမဖြစ် လိုအပ်ကြောင်း ပြောကြားခဲ့သည်။

Fox News မှ သတင်းတင်ဆက်သူ  လော်ရာအင်ဂရာဟမ်နှင့် တွေ့ဆုံရာတွင် ထရမ့်က "အမေရိကန်မှာ လာရောက်ပညာသင်ကြားတဲ့ နိုင်ငံတကာကျောင်းသား အရေအတွက်ကို ရပ်တန့်တာ (သို့) လျှော့ချတာ မလုပ်ချင်ပါဘူး။ နိုင်ငံတကာကျောင်းသား နည်းသွားရင် အမေရိကန် တက္ကသိုလ်တွေနဲ့ ကောလိပ်တွေကို ထိခိုက်လာမယ်။ တခြားပြည်ပနိုင်ငံတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေး ရှိလိုတယ်" ဟုပြောကြားခဲ့သည်။

အချို့သော ရှေးရိုးစွဲအုပ်စုများသည် အမေရိကန်တွင် နိုင်ငံတကာကျောင်းသားများ အထူးသဖြင့် တရုတ်နိုင်ငံမှ ကျောင်းသားဦးရေကို လျှော့ချလိုကြသည့်အတွက် ထရမ့်က ယခုလို မှတ်ချက်ပေးခဲ့ခြင်းဖြစ်သည်။ အမေရိကန်သည် နိုင်ငံတကာ ကျောင်းသားများကို ထက်ဝက်လျှော့ချပါက တက္ကသိုလ်များစွာသည် ငွေကြေးများစွာ ဆုံးရှုံးနိုင်ပြီး ပိတ်ပစ်ရဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာကျောင်းသားများသည် အမေရိကန်ကျောင်းသားများထက် ကျောင်းလခ နှစ်ဆပိုပေးသောကြောင့် အမေရိကန်ကောလိပ်များနှင့် တက္ကသိုလ်များ၏ ဘဏ္ဍာရေးအတွက် အရေးကြီးသည့် ထောက်တိုင်ဖြစ်သည်။ ထိုဝင်ငွေကြောင့် အမေရိကန်တက္ကသိုလ်နှင့် ကောလိပ်များ ဆက်လက် လည်ပတ်ဖွင့်လှစ်နိုင်ခြင်း ဖြစ်သည်။

ထရမ့်သည် အမေရိကန်ကျောင်းများကို အောင်မြင်ပြီး ဆက်လက် ကြီးထွားစေလိုကြောင်း၊ နိုင်ငံတကာကျောင်းသားများကို နှစ်သက်ခြင်းမရှိသော်လည်း အမေရိကန်ပညာရေးအတွက် လိုအပ်သည့် ငွေ‌ကြေးအရင်းအမြစ်တစ်ခုအဖြစ် ရှုမြင်ကြောင်း ၎င်းက ရှင်းပြသည်။

ထရမ့်ပြောကြားချက်များသည် ယခင်က ၎င်း၏ အစိုးရ လုပ်ဆောင်ပုံနှင့် ကွဲပြားနေပြီး ပညာရေးဗီဇာကန့်သတ်ခြင်း/ ဖျက်သိမ်းခြင်း၊ စည်းမျဉ်းအသစ်များ ထည့်သွင်းခြင်းနှင့် လျှောက်လွှာများကို ပိုမိုတင်းကြပ် စိစစ်ခြင်းတို့ဖြင့် အမေရိကန်တွင် နိုင်ငံတကာကျောင်းသားများ ပညာသင်ကြားခွင့်အား ခက်ခဲစေခဲ့သည်။

ဟားဗတ်ကဲ့သို့သော နာမည်ကြီးထိပ်တန်းကျောင်းများကိုလည်း နိုင်ငံတကာကျောင်းသားများ လက်ခံခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။ သို့သော်လည်း အဆိုပါပြဿနာကို အထက်တရားရုံးတွင် ပြန်လည်သုံးသပ်နေဆဲဖြစ်ပြီး နိုင်ငံတကာကျောင်းသားဝင်ခွင့်များကို ပိတ်ပင်သည့် အစိုးရ၏ အစီအစဉ်ကို တရားရုံးက ယာယီတားမြစ်ထားသည်။

ထရမ့်စီမံခန့်ခွဲရေးက “Compact for Academic Excellence in Higher Education” ဟုခေါ်သော စည်းမျဉ်းသစ်ကို အကြံပြုခဲ့ပြီး ဤအစီအစဉ်တွင် တက္ကသိုလ်တစ်ခုတွင် ကျောင်းသားအားလုံး၏ (၁၅)% သာ နိုင်ငံတကာကျောင်းသားများ ဖြစ်ရမည်ဖြစ်ပြီး နိုင်ံငံတစ်နိုင်ငံမှ ကျောင်းသား (၅)% သာ လက်ခံမည်ဖြစ်ကြောင်း ကန့်သတ်ထားသည်။ ဤကန့်သတ်ချက်များကို မလိုက်နာသော တက္ကသိုလ်များသည် ပြည်ထောင်စုရန်ပုံငွေ ဆုံးရှုံးနိုင်သည်ဟု သိရသည်။

Source - The Economic Times

International News Read 11 times