Sales Hotline : 09448001653       Download App



TikTok ရဲ့ မိခင်လုပ်ငန်း ပညာရေးလက်တံမှ ထောင်ချီသော ဝန်ထမ်းများ အလုပ်ရပ်စဲ

TikTok ရဲ့ မိခင်လုပ်ငန်း ByteDance က ပညာရေးလက်တံမှ ရာချီသော ဝန်ထမ်းများကို အလုပ်ရပ်စဲ လိုက်တယ်။ တရုတ်အစိုးရက ကျောင်းချိန်ပြင်ပ ကျူရှင်စီးပွားကို နှိမ်နင်းနေလို့ ဖြစ်ပါတယ်။ 
ဝန်ထမ်း ၁၀,၀၀၀ ကျော် အလုပ်ရပ်ဆိုင်းလိုက်တာမှာ  ရာဂဏန်းက နစ်နာကြေး ရရှိမယ်။ တချို့ကိုတော့ ByteDance ထီးရိပ်အောက်မှ လုပ်ငန်းတွေကို ပြောင်းရွှေ့ လုပ်ကိုင်စေမယ်လို့ ဆိုပါတဘ်။ 
အင်္ဂလိပ် ဘာသာစကား သင်ပြတဲ့ အက်ပ် GoGoKid ကို လုံးဝပိတ်သိမ်းမယ်လို့ ဆိုပါတယ်။ တခြားအက်ပ်နှစ်ခုကိုတော့ ကျောင်းစာနဲ့ မပတ်သက်တဲ့ ပညာရေးဖြစ်တဲ့ ပန်းချီပညာ၊ ကုဒ်ရေးသားခြင်း စတဲ့ ပညာရပ်မျိုးတွေကို စူးစိုက်လုပ်ကိုင်စေမယ်လို့ ဆိုပါတယ်။ 
ပြီးခဲ့တဲ့ ဇူလိူင်လ ၂၄ ရက်မှာ တရုတ်အစိုးရက အမေရိကန်ဒေါ်လာ ၁၅၀ ဘီလျံ ရှိမယ်လို့ ခန့်မှန်းထားကြတဲ့ ပုဂ္ဂလိကကျူရှင်စီးပွား လုပ်ငန်းကဏ္ဍကို ပြင်းပြင်းထန်ထန် ထိန်းချုပ်ဟန့်တားသွားဖို့ စတင်အကောင်အထည် ဖော်ခဲ့ပါတယ်။ ပုဂ္ဂလိက စာသင်ကျောင်းတွေက ကလေးတွေကို ကျောင်းစာတွေ သင်ပြီး အကျိုးအမြတ် မရှာရဘူး။ အရင်းအနှီးမတိုးချဲ့ရဘူးလို့ အမိန့်ထုတ်ပြဋ္ဌာန်း ခဲ့ပါတယ်။ အရေယူတာတွေလည်း ရှိခဲ့ပါတယ်။ 
.မိဘတွေ ကျူရှင်ဖိုးအတွက် သောကရောက်ကြရတာ ပပျောက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ယခင်က  အိမ်ထောင်ရှင်တွေအနေဖြင့် ကလေးတစ်ယောက်သာ ယူခွင့် ရှိခဲ့ပြီး ယခုအခါ သုံးယောက်အထိ ယူခွင့်ပေးလိုက်တာကြောင့် ကလေးသုံးယောက်စာ ပညာရေးစရိတ်အတွက် မိဘတွေ ပူပန်ကြရမှာမို့ အခကြေးယူပြီး သင်ကြားတဲ့ ပုဂ္ဂလိကကျူရှင်တွေကို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။ အဲဒီပိတ်ပင် တားမြစ်ချက်က အွန်လိုင်းကျူရှင်တွေလည်း အကျုံးဝင်ပါတယ်။ 
ByteDance က ပညာရေးနယ်ပယ်အတွက် အက်ပ်ကို နောက်ထပ် မဟာအောင်မြင်မှုတစ်ခု ရရှိဖို့အတွက် ချဲ့ထွင်ခဲ့တာ ဖြစ်ပါတယ်။ 
ByteDance မှာ တရုတ်ပြည်တွင်းသုံး ဗီဒီယိုကားတိုလူမှုကွန်ရက်ဖြစ်တဲ့  Douyin  အက်ပ်ရှိထားတယ်။ Douyin က တုန်ခါနေသော အသံ "Vibrating sound" လို့ အဓိပ္ပာယ် ရတယ်။  ပြည်တွင်းသုံး Douyin ကို မိတ္တူပွားပြီး နိုင်ငံတကာသုံး TikTok အက်ပ်ကို မွေးထုတ်လိုက်တာ အရမ်းအောင်မြင်သွားတယ်။ တုန်ခါနေတဲ့အသံက TikTok လို့ အသံမြည်နေတာကို မြည်သံစွဲပြီး အမည်ပေးလိုက်ကြတာလို့ ဆိုတယ်။
ByteDance မှာ တရုတ်ပြည်တွင်းသုံး Toutiao အက်ပ်ကလည်း အောင်မြင်တယ်။  Toutiao ဆိုတာက ယနေ့ သတင်းခေါင်းစဉ် "Today's Headlines" လို့ ဆိုလိုတယ်။ သတင်းတွေ တစ်စုတစ်စည်းတည်း ဖော်ပြပေးတဲ့ အက်ပ် ဖြစ်ပါတယ်။ 
ယမန်နှစ် အောက်တိုဘာလမှာ ByteDance က ပညာရေးလက်တံအတွက် အက်ပ်ကို ရင်းနှီးမြှုပ်နှံဖို့ ကတိကဝတ်ပြုခဲ့တယ်။ လာမယ့် သုံးနှစ်အတွင်း အမြတ်ရဖို့ကိစ္စ မစဉ်းစားဘဲ အကုန်အကျခံပြီး လုပ်မယ်လို့ ကြေညာခဲ့တယ်။ 

ဒါပေမဲ့ အခုအခါမှာ တရုတ်အစိုးရက ကျူရှင်တွေကို တင်းကျပ်တဲ့ စည်းကမ်းအမိန့်တွေ ထုတ်ပြန်ခဲ့တယ်။ ပြည်ပမှ ဆရာဆရာမ ငှားရမ်းခြင်း မပြုရ။ အသက် ၆ နှစ်မပြည့်သေးတဲ့ကလေးတွေကို ကျောင်းစာသင်ရိုးတွေ သင်ခွင့် မရှိ စတဲ့အချက်တွေက ByteDance ရဲ့ ပညာရေးပလက်ဖောင်းကို တည့်တည့်ကြီး ထိတယ်။ 
ဒီတော့ GoGoKid ကို ပိတ်သိမ်းလိုက်ရတယ်။ အသက် ၂ နှစ်မှ ၈ နှစ်အထိ အသက်အပိုင်းအခြားအတွင်းမှာ ရှိတဲ့ ကလေးတွေကို ရည်ရွယ်တဲ့ ပညာရေးအက်ပ် Guagua Long နဲ့ အလယ်တန်း၊ အထက်တန်း ပညာရေးတွေကို စာသင်ခန်းပုံစံဖြင့် သင်ပေးတဲ့  Qingbei တို့ကို ပန်းချီနဲ့ ကုဒ် သင်ပြတဲ့ အက်ပ်တွေအဖြစ် ပြောင်းလဲမှာ ဖြစ်ပါတယ်။  တရုတ်နိုင်ငံ Apple App Store မှာ GoGoKid အက်ပ်ကို ဖယ်ရှားထားလိုက်ပြီ ဖြစ်ပါတယ်။ 
 

International News Read 437 times