THE MYANMAR EDUCATION GUIDE

HOME >> >> Latest Post
Latest Post

ပျောက်ဆုံးသွားသည့် ပညာရေးနှစ်အတွက် ပညာရေးစနစ်သစ်


ကမ္ဘာတစ်ဝှမ်းရှိ ကလေးငယ်များအတွက် ပညာရေး နှစ်တစ်နှစ်ပျောက်ဆုံးသွားခဲ့ပြီဖြစ်ပြီး နောက်ထပ် တစ်နှစ်ဆက်လက် လမ်းပျောက်နေဦးမည့် အလားအလာများ ရှိနေသည်။
နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ကမ္ဘာလုံးဆိုင်ရာကူးစက်ရောဂါဖြစ်ပွားမှုကြောင့် ကျောင်းများပြိုလဲသွားသည်နှင့်အမျှ ဂါနာနှင့်ယူဂန်ဒါ၊ ဖိလစ်ပိုင်နှင့်အင်ဒိုနီးရှား အစရှိသော နိုင်ငံပေါင်းများစွာရှိ စာသင်ခန်းများမှ ကလေးငယ်များ ပျောက်ကွယ်သွားခဲ့သည်။ သူတို့သည်စက်ရုံများ၊ သဲတွင်းများနှင့်ကိုကိုးစိုက်ခင်းများ၌ အလုပ်များထွက်လုပ်ခဲ့ကြသည်။ ဘင်္ဂလားဒေ့ရ်ှတွင် သူတို့သည် အမှိုက်ပုံများတွင် ပလတ်စတစ်ကောက်သည့် အလုပ်ကို လုပ်ကြသည်။ မက္ကဆီကိုနှင့် ဘိုလီးဗီးယားတွင် သူတို့သည် မိုင်းတွင်းများနှင့် အုတ်ဖုတ်လုပ်သော မီးဖိုများ၌ စတင်အလုပ်လုပ်ကြသည်။ အိန္ဒိယမှာ ဆောက်လုပ်ရေးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ ဝါခင်းထဲ ဝါဂွမ်းဆွတ်ခူးကြသည်။ 
ပညာကိုသင်ယူပြီး ကျောင်းဆက်တက်ရန် သို့မဟုတ် ပိုမိုကောင်းမွန်သောအလုပ်အကိုင်များသို့ ဝင်ရောက်လိုသော ကလေးများသည် လုပ်ခနိမ့်ကျသောဘဝကို စတင်ခဲ့ကြသောကြောင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ သန်းပေါင်းများစွာ ကလေးတို့၏ အနာဂတ် အလင်းရောင်မှောင်မိုက်သွားခဲ့သည်။ 

၂၀၂၀ ပြည့်နှစ် နွေဦးရာသီတွင် တရုတ်နိုင်ငံမှ ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာအနှံ့ကူးစက်ပျံ့နှံ့နေသောအခါ ကျောင်းများ ပိတ်ထားလိုက်ကြရသည်။ အိန္ဒိယနိုင်ငံ တဲလင်ဂါပြည်နယ် ရှိကျောင်းသား ၂၁၀,၀၀၀ သည် ကမ္ဘာ့ပြဿနာကို ဒေသခံပုံစံဖြင့် ကြုံတွေ့ရသည်။ ပြည်နယ်အစိုးရမှ ဖွင့်လှစ်ထားသော အရည်အသွေးမြင့် ဘော်ဒါကျောင်းများကို တက်ရောက်နေကြသူများသည် ကျေးရွာများမှ မြို့ပေါ်သို့ တက်ရောက်လုပ်ကိုင်နေကြသော မိသားစုများထံမှ ကလေးများ ဖြစ်သည်။  လော့ဒေါင်းချလိုက်သောအခါ မိဘတို့က ဇာတိကျေးရွာသို့ ပြန်ကြသည်ဖြစ်ရာ ကလေးများလည်း လိုက်ပါသွားကြရသည်။  ထိုဖြစ်ရပ်က ကလေးအများစုတို့အဖို့ ကျောင်းမှ အပြီးအပိုင် နုတ်ထွက်လိုက်ရခြင်း ဖြစ်နေပြီး ပညာရေး ဆုံးခန်းတိုင်သွားစေမည့် အလားအလာ စတင်လိုက်ခြင်းဖြစ်သည်။


ထိုသို့ ဖြစ်ကုန်ကြသည်ကို လုံးဝလက်မခံနိုင်သူတစ်ဦးမှာ တဲလင်ဂါပြည်နယ်၏ မြို့တော် ဟိုင်ဒါဘက်မြို့ရှိ ရဲအရာရှိ ဒေါက်တာ ကူးမား (Dr. R.S. Praveen Kumar) ဖြစ်သည်။ သူက သာမန်ရဲအရာရှိတစ်ဦးမျှ မဟုတ်ချေ။ သူသည် ဟားဗတ်တက္ကသိုလ်မှ ပြည်သူ့စီမံခန့်ခွဲမှုဘာသာရပ်ကို လေ့ကျင့်သင်ကြားခဲ့သူ ဖြစ်ပြီး မာစတာဘွဲ့ ရရိထားသည်။ အစိုးရမှ တဲလင်ဂါပြည်နယ်၏  ကျောင်းများကို အုပ်ချုပ်စီမံသည့် အဖွဲ့အစည်းဖြစ်သည့် Residential Educational Institutions များတွင် အကြီးအကဲအဖြစ်လည်း လုပ်ကိုင်လျက် ရှိသည်။ 
ကူးမားနှင့် လုပ်ဖော်ကိုင်ဖက်များက အရေးပေါ် အစီအစဉ်တစ်ခုကို ချက်ချင်း ရေးဆွဲခဲ့ကြသည်။ ကလေးများသည် ကျောင်းသူကျောင်းသားများအဖြစ်ဖြင့် ပညာဆက်သင်နေစေမည့် အစီအစဉ်ဖြစ်သည်။ ထိုအစီအစဉ်တွင် ကျောင်းသူကျောင်းသားများကို ဆရာဆရာမများအဖြစ်လည်း တာဝန်ယူစေသည်။ 
သူတို့က ကျေးရွာတွင် သင်ကြားရေး အသိုင်းအဝိုင်းများ ဖွဲ့စည်းသည်။ ရွာခံက ဦးဆောင်ရသည်။ စာသင်ပေးမည့် ဆရာဆရာမကို ကျောင်းသူကျောင်းသားများထဲမှ ရွေးချယ်သည်။ ထိုရွာခံဆရာဆရာမတို့ကို ကျောင်းမှ ဆရာဆရာမတို့က ထောက်ကူပေးသည်။ 
“သင်ပြပေးခြင်းဖြင့် သင်ယူတတ်မြောက်တာဟာ အကောင်းဆုံး သင်ကြားမှု နည်းလမ်းဖြစ်ပါတယ်” ဟု ကူးမားက ရှင်းပြသည်။ 
ကိုဗစ် ပထမလှိုင်းတွင် ကူးမား၏ အစီအစဉ်မှာ ရွာခံဆရာဆရာမ ၂၇,၀၀၀ ကျော် ရှိခဲ့ပြီး ရွာမှ ကလေး ၁၂၀,၀၀၀ ဦးကျော်ကို ပညာဆက်လက်သင်ယူနိုင်စေခဲ့သည်။ ထို့ပြင် ယခင်က မြို့မှာ ကျောင်းမတက်နိုင်သည့် ရွာမှကလေးများလည်း ပညာသင့်ခွင့် ရရှိသွားကြသည်ဖြစ်ရာ တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်သွားသည်။ 
ကူးမားသည် ကိုဗစ်ကာလအတွင်း ကျင့်သုံးနိုင်သည့် ပညာရေးစနစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ခြင်း ဖြစ်သည်။ 

Source: www.macleans.ca

Latest Post Read 855 times