မလေးရှား အခြေခံပညာရေးတွင် ၂၀၂၇ ခုနှစ်အတွက် သတ်မှတ်ထားသော သင်ရိုးညွှန်းတမ်းအသစ် ပြောင်းလဲမှုတွင် စာသင်ခန်းတစ်ခုအတွင်း ဆရာနှစ်ဦး ထားမည့်ကိစ္စနှင့် ကျောင်းသားတစ်ဦးချင်းစီ၏ ကိုယ်ကျင့်တရားကောင်းများကို တည်ဆောက်ပေးသွာမည့် အစီအစဉ်သည် တစ်စိတ်တစ်ပိုင်း ပါဝင်သည်။
ပညာရေးဝန်ကြီး Fadhlina Sidek က သင်ရိုးညွှန်းတမ်းအသစ်သည် ကျောင်းသားများအတွက် ပညာရေးထူးချွန်မှုအပြင် ခိုင်မာသော ကိုယ်ကျင့်တရားတန်ဖိုးများ၊ စည်းကမ်းနှင့် သမာဓိကောင်းမှုတို့ပါအတူ ဟန်ချက်ညီ တိုးတက်စေရန် ဒီဇိုင်းထုတ်ထားကြောင်း ပြောကြားခဲ့သည်။
စာသင်ခန်းတစ်ခန်းတွင် ဆရာနှစ်ဦး တွဲဖက်သင်ကြားခြင်းသည် သင်ယူမှုကို ပိုမို ထိရောက်စေပြီး ကျောင်းသားများ၏ စိတ်ဝင်စားမှုကို ရရှိစေရန်အတွက် အဓိက တီထွင်ဆန်းသစ်မှုတစ်ခုဖြစ်ကြောင်း ၎င်းက ရှင်းပြခဲ့သည်။
ဆရာနှစ်ဦးသည် သင်ခန်းစာအတွက် သက်ဆိုင်ရာ တာဝန်များကို ခွဲယူကာ ကျောင်းသားတိုင်းအပေါ် အပြည့်အ၀ အာရုံစိုက်ပြီး တက်တက်ကြွကြွ သင်ကြားပေးရန် လိုအပ်ပါမည်ဟု ၎င်းက ပြောကြားခဲ့သည်။
သင်ရိုးသစ်၏ နောက်ထပ် ပြောင်းလဲမှုသည် အင်္ဂလိပ်၊ သိပ္ပံနှင့် ဂီတကဲ့သို့သော ဘာသာရပ်များကို သင်ခန်းစာတစ်ခုထဲတွင် ပေါင်းစပ် သင်ကြားပြီး ဘာသာရပ်တစ်ခုနှင့်တစ်ခုကြားက ဆက်နွယ်မှုများကို ကျောင်းသားများအား နားလည်စေမည်ဖြစ်ကြောင်း သိရသည်။
သိသာထင်ရှားသော အပြောင်းအရွှေ့တစ်ခုအနေဖြင့် ၂၀၂၇ ခုနှစ် သင်ရိုးညွှန်းတမ်းသည် ကိုယ်ကျင့်တရားနှင့် အကျင့်စရိုက် တန်ဖိုးများကို ယခင်က အစ္စလာမ့် (သို့မဟုတ်) ကိုယ်ကျင့်တရားပညာရေးအတန်းများတွင်သာ သင်ကြားခဲ့ပြီး ယခု ဘာသာရပ်အားလုံးတွင် ပေါင်းစပ် သင်ကြားမည်ဟု သိရသည်။
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းများတွင် အပတ်စဉ် (၁) နာရီ အချိန်ပေးပြီး အုပ်စုလိုက် ဆွေးနွေးခြင်း၊ ဇာတ်ရုပ်၊ ဇာတ်လမ်းများ သရုပ်ဆောင်ခြင်း (သို့) ရပ်ရွာပရောဂျက်များတွင် ကူညီခြင်းကဲ့သို့ အပြုအမူကောင်း၊ ကြင်နာမှုနှင့် တာဝန်ဝတ္တရားများ တည်ဆောက်ရာတွင် အထောက်အပံ့ဖြစ်စေမည့် အရာများ လုပ်ဆောင်ရမည်။
အမျိုးသားပညာရေး၏ ပင်မအခြေခံမူများကို မပြောင်းလဲဘဲ လက်ရှိ လိုအပ်ချက်များနှင့် ကိုက်ညီမည့် သင်ကြားရေးနည်းလမ်းများကိုသာ ခေတ်မီအောင် ပြုပြင်ပြောင်းလဲထားကြောင်း Fadhlina မှ ရှင်းလင်းပြောကြားခဲ့သည်။
သင်ရိုးညွှန်းတမ်းအသစ်သည် ဆရာ၊ ဆရာမများအတွက်လည်း ၂၀၂၇ ခုနှစ်တွင် အဆင်သင့်ဖြစ်စေရန် ကြိုတင်ပြင်ဆင်လေ့ကျင့်မှုများ စတင် လုပ်ဆောင်နေပြီဟု သိရသည်။
ကိုယ်ကျင့်တရားကောင်းများကို တည်ဆောက်ပေးသွာမည့် အစီအစဉ် (Character Building Program) ကို လာမည့်နှစ်တွင် မူကြိုကျောင်းသားများမှ စတင်ကာ တစ်ဆင့်ချင်း မိတ်ဆက်ပေးသွားမည်ဖြစ်သည်။
Source - Malaymail