တောင်ကိုရီးယားတွင် "Suneung" ဟုလူသိများသော ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုနေသည့် အချိန်တွင် နိုင်ငံတစ်ဝန်းက လေယာဉ်ခရီးစဉ်များအားလုံး အချိန်ပိုင်း ရပ်တန့်ခဲ့ရကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ (၁၃) ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့သော အဆိုပါကောလိပ်ဝင်ခွင့်စာမေးပွဲသည် ကိုရီးယားအထက်တန်းကျောင်းသားများအတွက် ထိပ်တန်းတက္ကသိုလ်များတွင် တက်ရောက်ခွင့်ရရန် မရှိမဖြစ် လိုအပ်သည်။
ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ခွင့်ရရှိမှ လှုနေမှုအဆင့်အတန်းမြင့်မားမှု၊ စီးပွားရေးတောင့်တင်းမှုနှင့် အိမ်ထောင်ဖက်ကောင်းရရှိမှုတို့အတွက် စိတ်ချရမည်ဟု လူအများက သတ်မှတ်ထားကြသည်။
ထိုသို့ အရေးပါလှသော စာမေးပွဲဖြစ်သောကြောင့် အင်္ဂလိပ်ဘာသာစကား အကြားစွမ်းရည် စစ်ဆေးနေချိန်တွင် အရေးပေါ်ကိစ္စမှလွဲပြီး နိုင်ငံတစ်ဝန်း လေယာဉ်ခရီးစဉ်များအား (၃၅) မိနစ်ကြာ ရပ်ဆိုင်းခဲ့သည်ဟု သိရသည်။
ထို့အပြင် စတော့ရှယ်ယာစျေးကွက်များအား တစ်နာရီနောက်ကျပြီးမှ အရောင်းအဝယ် လုပ်ခဲ့ပြီး လမ်းပေါ်တွင် လမ်းခရီးပိတ်ဆို့မှုများ လျော့နည်းသွားရန် ဘဏ်များနှင့် အစိုးရရုံးများသည်လည်း တစ်နာရီ နောက်ကျပြီးမှ အလုပ်စခဲ့ရသည်။
ယခုနှစ် စာမေးပွဲတွင် ဖြေဆိုရန် စာရင်းသွင်းထားသည့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ (၅၅၀,၀၀၀) ကျော်ရှိပြီး ယခင်နှစ်ကထက် အနည်းငယ် လျော့နည်းသွားသည်။
ယခု ဖြေဆိုရသည့် ၂၀၂၆ ခုနှစ်အတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲသည် ကျောင်းသားများ၏ ကျောင်းတွင်း အကြမ်းဖက်မှု ရာဇဝင်များကိုပါ ဖော်ပြပေးမည့် ပထမဆုံးနှစ်ဖြစ်ပြီး ၎င်းသည် မဖြစ်မနေ လုပ်ရမည့် အချက်မဟုတ်သော်လည်း အကြံပြုချက်များကြောင့် ယခုနှစ်တွင် စတင် လုပ်ဆောင်မည်ဟု သိရသည်။
ထိုသို့ လုပ်ရခြင်းမှာ ယခင်နှစ်က တောင်ကိုရီးယားတက္ကသိုလ် (၁၀) ခုသည် အထက်တန်းကျောင်းသား (၄၅) ဦးကို ကျောင်းတွင်း အကြမ်းဖက်မှု ပြစ်ချက်ကြောင့် ဝင်ခွင့် ပယ်ချခဲ့ခြင်းကြောင့် ဖြစ်သည်။
Source - CNA , AFP