တရုတ်တွင် ကျောင်းသားများ၏ စိတ်ဖိစီးမှုကို လျှော့ချရန် အစီအမံသစ်များ ချမှတ်

ပညာရေးဝန်ကြီးဌာနသည် မကြာသေးမီကမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသားများအတွက် စိတ်ကျန်းမာရေး အားကောင်းစေရန် ရည်ရွယ်သည့် အစီအမံများ ထုတ်ပြန်ခဲ့သည်။

အဆိုပါမူဝါဒသည် ပညာရေးဆိုင်ရာ ဖိအားများကို ဖြေလျှော့ရန်၊ စခရင်ကြည့်ချိန်လျှော့ချရန်နှင့် ကျောင်းတွင်းရော အိမ်၌ပါ ပံ့ပိုပေးသည့် ပတ်ဝန်းကျင်ကို ရရှိရန် ရည်ရွယ်သည်။

ကျောင်းသားလေးများ၏ စိတ်ပိုင်းဆိုင်ရာ သုခချမ်းသာကို ထိခိုက်စေသည့် အဓိက ကိစ္စရပ်များကို ဖယ်ရှားပြီး ပညာရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနှင့် စာမေးပွဲဆိုင်ရာ စိုးရိမ်ပူပန်မှုများကို လျှော့ချရန် အလေးပေး ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျောင်းများသည် စာရေးအိမ်စာ ပမာဏကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ရန်၊ ပြစ်ဒဏ်ခတ်ခြင်း (သို့မဟုတ်) ထပ်တလဲလဲ တာဝန်များကို ရှောင်ရှားရန်နှင့် အပတ်စဉ် "အိမ်စာမရှိသောနေ့" ကို မိတ်ဆက်ရန် ညွှန်ကြားထားသည်။

စာမေးပွဲအကြိမ်ရေနှင့် မေးခွန်းခက်ခဲမှုများကို ကန့်သတ်ချက်များ ထားရှိမည်ဖြစ်ပြီး မူဝါဒတွင် စာမေးပွဲရမှတ်များအပေါ် အခြေခံ၍ ကျောင်းသားများကို အဆင့်သတ်မှတ်ခြင်းအား လုံး၀ ပိတ်ပင်ထားမည်ဖြစ်သည်။

Tsinghua University ၏သုတေသနစင်တာမှ ပြုလုပ်သော လေးနှစ်ကြာ လေ့လာမှုတစ်ခုတွင် ဆယ်ကျော်သက်များ၏ (၁၄.၈)% သည် စိတ်ကျရောဂါဖြစ်နိုင်ချေ ရှိနေကြောင်း တက္ကသိုလ်၏ စိတ်ပညာနှင့် သိမြင်မှုသိပ္ပံဌာနမှ ပါမောက္ခ Peng Kaiping မှ ဖော်ပြခဲ့သည်။

“အချို့သောဆယ်ကျော်သက်များသည် သင်ယူလိုစိတ်မရှိခြင်း၊ လက်တွေ့လောကတွင် စိတ်မဝင်စားခြင်း၊ ပေါင်းသင်းဆက်ဆံနိုင်ခြင်း မရှိခြင်းနှင့် ဘဝတွင် အဓိပ္ပါယ်မဲ့ခြင်းတို့ကို ပြသကြသည်” ဟု ၎င်းက ဆိုသည်။

ပညာရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူဟောင်း Wang Xuming ကလည်း ပညာရေး၏ စစ်မှန်သော ရည်ရွယ်ချက်အပေါ် ပိုမိုလေးနက်စွာ တွေးတောဆင်ခြင်ရန် တောင်းဆိုခဲ့ပြီး စာမေးပွဲကို ဦးတည်သည့် စနစ်များကို ရှောင်ရှားရန် တိုက်တွန်းခဲ့သည်။

အဖော်ပြုခြင်း၊ ဂရုတစိုက်နားထောင်ခြင်းနှင့် ကျောင်းသားများနှင့် ပွင့်ပွင့်လင်းလင်း တန်းတူရည်တူပြောဆိုဆွေးနွေးခြင်းတို့ကို ပေးဆောင်သည့် စိတ်သဘောထားပြည့်၀သော ဆရာ၊ ဆရာမများ လိုအပ်ကြောင်းကိုလည်း ၎င်းက အလေးပေး ပြောကြားခဲ့သည်။

ကျန်းမာသော လူနေမှုပုံစံကို ရရှိစေရန်အတွက် ကျောင်းသားအားလုံးအတွက် တစ်နေ့လျှင် အနည်းဆုံး နှစ်နာရီ ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ရမည်ဟု မူဝါဒတွင် ပြဌာန်းထားသည်။ ကျောင်းများသည် ကျောင်းသားများ စိတ်ဝင်စားမည့် ကာယပညာအတန်းများနှင့် ပုံမှန်အားကစားပြိုင်ပွဲများကို ကျင်းပရန် တိုက်တွန်းထားသည်။

လုံလောက်သော အိပ်စက်ခြင်းကိုလည်း ဦးစားပေး လုပ်ဆောင်ထားပြီး ဖြစ်နိုင်ပါက တစ်ရေးတစ်မောအိပ်ချိန်အပါအဝင် လိုအပ်သော အနားယူချိန် ရှိစေရန် ကျောင်းများမှ အချိန်ဇယားများကို ချိန်ညှိရန် အကြံပြုထားသည်။

မိုဘိုင်းလ်ဖုန်းများကို စာသင်ခန်းများတွင် ပိတ်ပင်ထားမည်ဖြစ်ပြီး ဒစ်ဂျစ်တယ်အပေါ် မှီခိုမှုကို လျှော့ချပြီး စခရင်ကြည့်ချိန် လျော့နည်းသွားစေပါမည်။ အွန်လိုင်းပလက်ဖောင်းများသည်လည်း ၎င်းတို့၏ အယ်လ်ဂိုရီသမ်များကို ပြန်လည်ပြင်ဆင်ရန်နှင့် ကျောင်းသားများ၏ စိတ်ကျန်းမာရေးကို ထိခိုက်စေသည့် အကြောင်းအရာများကို ရပ်တန့်ရန် တိုက်တွန်းထားသည်။

မိသားစုအခက်အခဲများရှိသည့် ကျောင်းသားများကိုလည်း အထူးအာရုံစိုက်ပြီး သင့်တော်သည့် ပံ့ပိုးကူညီမှုနှင့် ပုံမှန်အိမ်သို့ သွားပြီး စောင့်ရှောက်မှုများ လုပ်ဆောင်မည်ဟု သိရသည်။ ထို့အပြင် ကျောင်းများတွင် အချိန်ပြည့် စိတ်ကျန်းမာရေးဆရာများကို ငှားရမ်းကာ သင်ကြားရေး ဆရာ၊ ဆရာမများအား သင်တန်းများ ပေးရန် အစီအစဉ်ရှိကြောင်း ပြောကြားခဲ့သည်။

ပိုမို ဖော်ရွေသော ကျောင်းဝန်းအငွေ့အသက်ကို ဖန်တီးရန်နှင့် ရွယ်တူချင်း အကူအညီပေးရန်လည်း တိုက်တွန်းထားသည်။ ထို့အပြင် ကျောင်းများသည် မိသားစုများနှင့် နီးနီးကပ်ကပ် ဆက်သွယ်မှုရှိပြီး မိဘများကို စိတ်ကျန်းမာရေးနှင့် ညီညွတ်သော မိသားစုဆက်ဆံရေးကို တည်ဆောက်ရန်အတွက် စိတ်ကျန်းမာရေးဆိုင်ရာ လမ်းညွှန်မှုများ ပေးဆောင်ရန် ညွှန်ကြားထားသည်။

Source - Asia News Network (ANN)

International News Read 17 times