၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် တောင်ကိုရီးယားနိုင်ငံရှိ ထိပ်တန်းတက္ကသိုလ် (၆) ခုသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် အမှတ်ကောင်းရခဲ့သော်လည်း ကျောင်းတွင်းအကြမ်းဖက်မှု မှတ်တမ်းရှိနေသော ကျောင်းသား (၄၅) ဦးကို တက္ကသိုလ်ဝင်ခွင့် ငြင်းပယ်ခဲ့ကြောင်း သိရသည်။
ကျောင်းတွင်းအကြမ်းဖက်မှုသည် ကျောင်သားများ မျှော်မှန်းထားသည့် အဆင့်မြင့်တက္ကသိုလ် တက်ရောက်ခွင့်အိမ်မက်များကို ပျက်စီးသွားစေနိုင်သည့် အဓိက အကြောင်းအရင်းဖြစ်ကြောင်း ပထမဆုံးအကြိမ် မီးမောင်းထိုးပြခဲ့သည်။
၎င်းတို့၏ ပညာရေး စွမ်းဆောင်ရည် မြင့်မားသော်လည်း မူလတန်း၊ အလယ်တန်း (သို့မဟုတ်) အထက်တန်းကျောင်းများမှ ကျောင်းတွင်းအကြမ်းဖက်မှု မှတ်တမ်းသည် ၎င်းတို့၏ အရည်အချင်း မပြည့်မီမှုကို ပြသသည်။
Seoul National University (SNU) သည် ၂၀၁၄ ခုနှစ်ကတည်းက ကျောင်းပြောင်းခံရခြင်း (သို့) ကျောင်းထုတ်ခံရခြင်း မှတ်တမ်းရှိသည့် ကျောင်းသားများကို တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ (College Scholastic Ability Test) မှ အမှတ်နှစ်မှတ် လျှော့ကြောင်း သိရသည်။
လာမည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကိုရီးယားနိုင်ငံရှိ တက္ကသိုလ်များအားလုံးသည် လျှောက်ထားသူများ၏ ပညာရေးမှတ်တမ်းများအပြင် ကျောင်းတွင်းအကြမ်းဖက်မှု မှတ်တမ်းကိုပါ မဖြစ်မနေ ကြည့်ပြီး ဝင်ခွင့် ခေါ်ယူရန် အများပြည်သူများက ဆန္ဒရှိသည်။
အကြောင်းမှာ ၂၀၂၃ ခုနှစ်တွင် အစိုးရရှေ့နေဟောင်းတစ်ဦး၏ သားဖြစ်သူသည် ကျောင်းတွင်းအကြမ်းဖက်မှုဖြင့် ကျောင်းပြောင်းရွှေ့ခံခဲ့ရသော်လည်း SNU မှာ အမှတ်နှစ်မှတ်သာ လျှော့ခြင်းခံရပြီး ဝင်ခွင့်ရရှိခဲ့သည်နှင့် ပတ်သက်၍ အများပြည်သူများ မကျေနပ် ဖြစ်ပြီး ယခုလို မူဝါဒ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း အဆိုပါ မူဝါဒကျင့်သုံးသည်နှင့်အမျှ ကျောင်းများသည် ငြင်းခုံမှုများနှင့် တိုင်ကြားမှုများ ပိုမိုကြုံတွေ့ရနိုင်သည်ကို လူအများက စိုးရိမ်နေကြသည်။
အနိုင်ကျင့်သည်ဟု စွပ်စွဲခံရသော ကျောင်းသားများနှင့် မိဘများသည် ရှေ့နေများ ငှားရမ်းကာ ပြစ်မှုမှ လွတ်ရန် ကြိုးပမ်းမှုကြောင့် ကျောင်းများသည် တရားရင်ဆိုင်ရမည့် အမှူကိစ္စများ ဖြစ်လာနိုင်သည်ဟု အချို့က ဝေဖန်ထောက်ပြကြသည်။
Source - Korea Joongang Daily