ထိုင်းနိုင်ငံ ကျောင်းစရိတ်မှာ (၁၃) နှစ်အတွင်း စံချိန်မီ အမြင့်ဆုံးဖြစ်

ထိုင်းနိုင်ငံတွင် ၂၀၂၆ ပညာသင်နှစ်အတွက် စုစုပေါင်း ပညာရေးအသုံးစရိတ်သည် ဘတ် (၆၆) ဘီလီယံအထိ ရှိလာနိုင်သည်ဟု ထိုင်းကုန်သည်ကြီးများအသင်းတက္ကသိုလ် (UTCC) က မေ (၆) ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

UTCC ၏ သုတေသနပြုချက်အရ ယင်းသည် ယခင်နှစ်ထက် (၆) ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်ကာ (၁၃) နှစ်တာကာလအတွင်း အမြန်ဆုံး တိုးတက်မှုနှုန်းဖြစ်ကြောင်း သိရသည်။

UTCC ၏ ဥက္ကဋ္ဌဖြစ်သူ Thanavath Phonvichai က ပညာရေးနှင့်ပတ်သက်သော အသုံးစရိတ်များ မြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှု (၃) ရာခိုင်နှုန်း မြင့်တက်ခြင်းနှင့် စက်သုံးဆီစျေးနှုန်းများ ဆက်တိုက်မတည်မငြိမ်ဖြစ်မှုတို့ ကြုံတွေ့နေရစဉ်အတွင်း ဖြစ်ပွားနေခြင်းဖြစ်သည်။

ယင်းအခြေအနေနှစ်ရပ် ပေါင်းဆုံမှုသည် ဝင်ငွေနည်းပါးသော အိမ်ထောင်စုများနှင့် ဝင်ငွေအလယ်အလတ်ရှိသော အိမ်ထောင်စုများအပေါ် ပြင်းထန်သော ဖိအားများကို ဖြစ်ပေါ်စေလျက်ရှိကြောင်း ပြောကြားခဲ့သည်။

ဧပြီ (၂၆) ရက်မှ မေ (၂) ရက်အတွင်း နိုင်ငံတစ်ဝန်းရှိ (၁,၂၅၀) ဦးကို ကောက်ယူခဲ့သော စစ်တမ်းအရ ပျမ်းမျှ အိမ်ထောင်စုတစ်ခုချင်းစီ၏ ကျောင်းဖွင့်ရာသီ အသုံးစရိတ်သည် ခန့်မှန်းခြေ (၂၉,၉၃၀) ဘတ်အထိ ရှိလာပြီး၊ ကျောင်းလခ သက်သက်အတွက်တင် ပျမ်းမျှ (၂၃,၀၀၀) ဘတ် ကုန်ကျကြောင်း တွေ့ရှိရသည်။

အစိုးရရဲ့ ၁၅ နှစ်တာ အခမဲ့ပညာရေးမူဝါဒ ရှိနေသော်လည်း အစိုးရရဲ့ ထောက်ပံ့ကြေးနဲ့ ဝင်ငွေနည်းမိသားစုများ အမှန်တကယ် ကျခံနေရသည့် ကုန်ကျစရိတ်ကြားမှာ တစ်နှစ်ကို ဘတ် (၅,၀၀၀) နီးပါး လိုငွေ ရှိနေကြောင်း အဆိုပါ သုတေသနက ထောက်ပြထားသည်။

ကျောင်းသုံး မရှိမဖြစ်ပစ္စည်းများ၏ ကုန်ကျစရိတ်ဟာ တစ်နှစ်ထက်တစ်နှစ် မြင့်တက်လာသည့်အတွက် မိဘများမှာ ကျောင်းဖွင့်ရာသီ ကုန်ကျစရိတ်များကို ကာမိရန်အတွက် လုံလောက်သည့် ငွေကြေးမရှိကြောင်း ပြောကြားခဲ့ကြပါသည်။

Source - The Nation

International News Read 14 times