ဩစတြေးလျနိုင်ငံက ကျောင်းသားဗီဇာကြေး ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်

ဩစတြေးလျနိုင်ငံသည် နိုင်ငံတကာ ကျောင်းသားဗီဇာကြေးကို (၂၅) ရာခိုင်နှုန်းအထိ တိုးမြှင့်လိုက်သော်လည်း အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးကို မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် အရှေ့တောင်အာရှနိုင်ငံများမှ ကျောင်းသားများကိုမူ စျေးလျှော့ပေးခဲ့သည်။

အစိုးရက နိုင်ငံတကာကျောင်းသားများ ဩစတြေးလျနိုင်ငံတွင် ဗီဇာလျှောက်ထားသည့်အခါ ပေးဆောင်ရမည့်ငွေကြေးကို ဇူလိုင်လ (၃) ရက်နေ့တွင် ဩစတြေးလျဒေါ်လာ (၂,၀၀၀) မှ (၂,၅၀၀) အထိ တိုးမြှင့် သတ်မှတ်ခဲ့သည်။

သို့သော် အာဆီယံနိုင်ငံများမှ ကျောင်းသားများကို ဩစတြေးလျဒေါ်လာ (၅၀) သာ တိုးမြှင့်ခဲ့သဖြင့် ဗီဇာကြေးမှာ (၂,၀၅၀) ဒေါ်လာသာ ကျသင့်မည်ဖြစ်သည်။

ဩစတြေးလျနိုင်ငံ၏ နိုင်ငံတကာကျောင်းသား ဗီဇာကြေးမှာ ကမ္ဘာပေါ်တွင် အမြင့်ဆုံးဖြစ်ပြီး အမေရိကန်ကျောင်းသားဗီဇာကြေးမှာ အမေရိကန်ဒေါ်လာ ၅၃၅ (စင်ကာပူဒေါ်လာ ၆၉၀) နှင့် ယူကေဗီဇာကြေးမှာ ပေါင် ၅၅၈ (စင်ကာပူဒေါ်လာ ၉၅၉) သာ ရှိသည်။

ယခုကဲ့သို့ ဗီဇာကြေးတိုးမြှင့်မှုမှာ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပွားပြီးနောက်ပိုင်း ရွှေ့ပြောင်းနေထိုင်သူများ မြင့်တက်လာမှုကို အစိုးရက ဖြေရှင်းရန် ကြိုးပမ်းလာခြင်းကြောင့် ဖြစ်သည်။

ဗီဇာကြေးသည် ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် ဩစတြေးလျဒေါ်လာ (၇၁၀) မှ (၁,၆၀၀) သို့လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဇူလိုင်လတွင် (၂,၀၀၀) သို့လည်းကောင်း၊ ၂၀၂၆ ခုနှစ် ဇူလိုင်လတွင် (၂,၅၀၀) သို့လည်းကောင်း တိုးမြှင့်ခဲ့သည်။

ဩစတြေးလျနိုင်ငံ၏ နိုင်ငံတကာ ပညာရေးဆိုင်ရာ လက်ထောက်ဝန်ကြီး ဂျူလီယန်ဟီးလ်က အာဆီယံကျောင်းသားများကို ဗီဇာကြေးလျှော့ပေးခြင်းမှာ အရှေ့တောင်အာရှနှင့် ဩစတြေးလျတို့၏ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေရန် ဖြစ်ကြောင်း The Straits Times သတင်းစာသို့ ပြောကြားခဲ့သည်။

“အာဆီယံနိုင်ငံတွေက ကျောင်းသားတွေအတွက် ဗီဇာကြေးကို လျှော့ချပေးထားတာဟာ အရှေ့တောင်အာရှက ထူးချွန်ကျောင်းသားတွေကို ကြိုဆိုဖို့ ဩစတြေးလျက ဘယ်လောက်အထိ အရေးပေးတယ်ဆိုတာကို ဖော်ပြနေပါတယ်” ဟု ဟီးလ်က ပြောကြားခဲ့သည်။

ဗီဇာကြေး တိုးမြှင့်ခဲ့သော်လည်း လျှောက်ထားမှုများမှာ မြင့်တက်လျက်ရှိပြီး ဩစတြေးလျ၏ နိုင်ငံတကာ ပညာရေးကဏ္ဍသည် နိုင်ငံ၏ ပဉ္စမမြောက် အကြီးဆုံး ပို့ကုန်ဖြစ်ပြီး ၂၀၂၅ ခုနှစ်တွင် ဩစတြေးလျဒေါ်လာ (၅၅) ဘီလီယံ ရရှိခဲ့သည်။

ယခုအခါ နိုင်ငံအတွင်း တက္ကသိုလ်များ၊ အသက်မွေးဝမ်းကြောင်းကောလိပ်များ၊ ကျောင်းများနှင့် အခြားအဖွဲ့အစည်းများတွင် တရုတ်နိုင်ငံမှ ကျောင်းသား ၁၆၀,၀၀၀၊ အိန္ဒိယမှ ၁၁၁,၀၀၀၊ နီပေါမှ ၆၁,၀၀၀၊ ဗီယက်နမ်မှ ၃၁,၀၀၀၊ မလေးရှား ၁၅,၀၀၀ နှင့် စင်္ကာပူမှ ၆,၁၆၅ ခန့်တို့အပါအဝင် နိုင်ငံခြားကျောင်းသား ၆၈၁,၀၀၀ ခန့် ရှိသည်။

Source - Asia News Network

International News Read 9 times