တောင်ကိုရီးယား စာသင်ကျောင်းများတွင် ဖုန်းများ အသုံးပြုမှုကို တားမြစ်

တောင်ကိုရီးယားနိုင်ငံတစ်ဝှမ်းရှိ ကျောင်းစာသင်ခန်းများတွင် စမတ်ဖုန်းနှင့် အခြားဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခြင်းအား တားမြစ်သည့် ဥပဒေကို ဩဂုတ်လ (၂၇) ရက်နေ့တွင် အတည်ပြုခဲ့ကြောင်း ရိုက်တာသတင်းဌာနအရ သိရသည်။

လူငယ်များကြား ဆိုရှယ်မီဒီယာအသုံးပြုမှု မြင့်တက်လာသည်ကို စိုးရိမ်မှုများရှိလာသည့်အတွက် ပြဌာန်းလိုက်သည့် အဆိုပါဥပဒေသည် ၂၀၂၆ ခုနှစ် မတ်လတွင် စတင်အသက်ဝင်မည်ဖြစ်သည်။

ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအချို့က အရွယ်မရောက်သေးသော ဆယ်ကျော်သက် ကျောင်းသားများအား ဆိုရှယ်မီဒီယာ အသုံးပြုမှုနှင့် စမတ်ဖုန်းအသုံးပြုမှုများကို တင်းကျပ်စွာ တားမြစ်မှု လုပ်ဆောင်နေစဉ် တောင်ကိုရီးယားနိုင်ငံကလည်း အလားတူ လုပ်ဆောင်ခြင်းဖြစ်သည်။

သြစတြေးလျသည် ဆယ်ကျော်သက်များကြား ဆိုရှယ်မီဒီယာ သုံးစွဲမှုကို ရှေ့ဆောင် ပိတ်ပင်ခဲ့သည့် နိုင်ငံဖြစ်ပြီး ဒတ်ခ်ျကျောင်းများတွင် စမတ်ဖုန်းများ ပိတ်ပင်ထားခြင်းကြောင့် ကျောင်းသားများအကြား အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာကြောင်း ဇူလိုင်လတွင် လေ့လာတွေ့ရှိခဲ့သည်။

အမေရိကန်အခြေစိုက် Pew သုတေသနစင်တာ၏ ၂၀၂၂ နှင့် ၂၀၂၃ ခုနှစ် စစ်တမ်းများအရ တောင်ကိုရီးယားသည် ကမ္ဘာပေါ်တွင် အင်တာနက်ချိတ်ဆက်မှုအရှိဆုံး နိုင်ငံစာရင်းတွင် ပါဝင်ပြီး တောင်ကိုရီးယားနိုင်ငံသား (၉၉%) သည် အွန်လိုင်း အသုံးပြုကြောင်းနှင့် (၉၈%) သည် စမတ်ဖုန်းများ ပိုင်ဆိုင်ကြောင်း သိရသည်။

အဆိုပါဥပဒေကို တင်သွင်းသည့် လွှတ်တော်အမတ် ချိုဂျန်ဟွန်းက "လူငယ်တွေရဲ့ ဆိုရှယ်မီဒီယာကို စွဲလမ်းမှုဟာ အခုအချိန်မှာ ဆိုးရွားတဲ့အဆင့်ကို ရောက်နေပါပြီ။ ကျွန်မတို့ ကလေးတွေ၊ မနက်တိုင်း မျက်လုံးတွေ နီရဲနေတယ်။ သူတို့ Instagram မှာ မနက် (၂) နာရီကနေ (၃) နာရီအထိ ရှိနေတယ်" ဟု ပြောကြားခဲ့သည်။

ဩဂုတ်လ (၂၇) ရက်နေ့တွင် အဆိုပါဥပ‌ဒေအား မဲခွဲဆုံးဖြတ်ရာတွင် နှစ်ဖက်ပါတီများမှ ထောက်ခံမဲများ ရရှိခဲ့ပြီး အတည်ဖြစ်ခဲ့သည်။

ဥပဒေအရ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်းအားလုံးတွင် ကျောင်းသားများအနေဖြင့် စမတ်ဖုန်းများ၊ ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခွင့်မရှိဘဲ မသန်စွမ်းသူများသာ ဒစ်ဂျစ်တယ်ပစ္စည်းများ သုံးခွင့်ရှိပြီး အရေးပေါ် အခြေအနေနှင့် ပညာရေးရည်ရွယ်ချက်ဖြင့်သာ ဖုန်းများကို အသုံးပြုခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။  

အချို့သော လူငယ်စည်းရုံးရေး အဖွဲ့များက စမတ်ဖုန်း အသုံးပြုခြင်း ပိတ်ပင်မှုကို ဆန့်ကျင်ပြီး ကလေးများ၏ လူ့အခွင့်အရေးကို ချိုးဖောက်သည်ဟု ဝေဖန်ပြောဆိုလျက်ရှိကြသည်။

Source - Reuters 

International News Read 23 times