ကျောင်းစရိတ်လျှော့ချဖို့ တောင်ကိုရီးယားတွင် ကျောင်းဝတ်စုံ ဖျက်သိမ်းရန် စီစဉ်

တောင်ကိုရီးယားတွင် ကျောင်းဝတ်စုံများ စျေးကြီးနေသောကြောင့် တရားဝင်ာ ကျောင်းဝတ်စုံကို ဖျက်သိမ်းကာ သက်တောင့်သက်သာရှိပြီး စျေးသက်သာသော ဝတ်စုံဖြင့် အစားထိုးရန် စီစဉ်နေကြောင်း သိရသည်။ 

ပညာရေးဝန်ကြီးဌာနသည် အလယ်တန်းနှင့် အထက်တန်းတွင် ဝတ်ဆင်ရသော ကျောင်းဝတ်စုံများ၏ စျေးနှုန်းများကို စစ်တမ်းကောက်ယူမည်ဖြစ်ကြောင်း ဖေဖော်ဝါရီ (၂၆) ရက်နေ့တွင် ပြောကြားခဲ့သည်။ 

နိုင်ငံတွင်း အလယ်တန်းနှင့် အထက်တန်းကျောင်းပေါင်း (၅,၇၀၀) ခန့်ရှိ ကျောင်းဝတ်စုံစျေးနှုန်းများကို စုံစမ်းပြီး မှန်ကန်မှုရှိရန် ကျောင်းနှင့် ဝတ်စုံလုပ်ငန်းကြားရှိ စာချုပ်များနှင့် သတ်မှတ်စျေးနှုန်းများကို မတ်လ (၁၆) ရက်နေ့အထိ စစ်ဆေးမှုပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။  

ကျောင်းဝတ်စုံတစ်ထည်၏ ကုန်ကျစရိတ်သည် ဝမ် ၆ သိန်း (အမေရိကန်ဒေါ်လာ ၄၀၀ ခန့်) အထိ ရောက်ရှိလာကြောင်း သမ္မတ Lee Jae Myung က ဖေဖော်ဝါရီ (၁၂) ရက်နေ့တွင် မှတ်ချက်ပြုခဲ့ပြီး ထိုကုန်ကျစရိတ်သည် မိသားစုများစွာအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေသည်။

သို့ဖြစ်ပါ၍ ဝန်ကြီးဌာနသည် တာဝန်ရှိသူများအား ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း တီရှပ်များ၊ ဘောင်းဘီများနှင့် အခြားနေ့စဉ်ဝတ်များအတွက် အခြေခံစျေးနှုန်းများ သတ်မှတ်ပေးရန် မှာကြားထားပြီး ကျောင်းဝတ်စုံအတွက် စျေးသက်သာစေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ကျောင်းသားများအား ကျောင်း၏ တရားဝင် ကျောင်းဝတ်စုံများ မဖြစ်မနေ ဝတ်ဆင်ရန် ဖိအားမပေးဘဲ ပေါ့ပေါ့ပါးပါး ဝတ်စုံများ (သို့မဟုတ်) အားကစားဝတ်စုံများ ၀တ်ဆင်ခွင့်ပြုရန် ကျောင်းများကိုလည်း တိုက်တွန်းမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါလှုပ်ရှားမှုသည် ကျောင်းသားများကို နေ့စဉ် သက်တောင့်သက်သာရှိသော အဝတ်အစားများ ဝတ်ဆင်နိုင်စေရန်နှင့် မိသားစုများအတွက် ကျောင်းဝတ်စုံ ကုန်ကျစရိတ်များကို လျှော့ချနိုင်ရန် ရည်ရွယ်သည်။

ဤအစီအစဉ်သည် ကျောင်းနှင့် ကျောင်းသားများ၏ ကိုယ်ပိုင်ဆုံးဖြတ်ချက်အပေါ်တွင်လည်း မူတည်နေသဖြင့် ကျောင်းတိုင်းတွင် တစ်ပြိုင်နက်တည်း ဖျက်သိမ်းသွားမည် မဟုတ်ကြောင်းလည်း သိရသည်။

Source - The Straits Times , The Korea Herald

International News Read 11 times