တောင်ကိုရီးယားနိုင်ငံ၏ တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်စာမေးခွန်း အလွန်အကျွံ ခက်ခဲခဲ့သည့်အတွက် တိုင်ကြားခံရသော စာမေးပွဲကြီးကြပ်စီစဉ်သူအရာရှိ ရာထူးမှ နုတ်ထွက်ခဲ့ရကြောင်း ဒီဇင်ဘာ (၁၂) ရက်နေ့ တောင်ကိုရီးယားနိုင်ငံ သတင်းဌာနများမှတဆင့် သိရသည်။
ပြည်တွင်းတွင် "Suneung" ဟုခေါ်သော အဆိုပါစာမေးပွဲသည် ကျောင်းသားများအတွက် ထိပ်တန်းတက္ကသိုလ်များသို့ ဝင်ခွင့်ရရန် မရှိမဖြစ် လိုအပ်ပြီး လူမှုရေး၊ စီးပွားရေးနှင့် အိမ်ထောင်ရေး ကောင်းမွန်ရေးတို့အတွက် တံခါးပေါက်တစ်ခုအဖြစ် လူအများက မှတ်ယူကြသည်။
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့တွင် တက္ကသိုလ်ဝင်စာမေးပွဲကို တနိုင်ငံလုံးတပြေးညီ ကျင်းပ ဖြေဆိုခဲ့သည်။ ယခု အောင်စာရင်း ထွက်ရှိပြီးနောက် ကျောင်းသားနှင့် မိဘပြည်သူများအကြား လှုပ်လှုပ်ရှားရှား ဖြစ်ခဲ့ရသည်။
အကြောင်းမှာ ဖြေဆိုသူ ကျောင်းသားစုစုပေါင်း၏ (၃) ရာခိုင်နှုန်းကျော်သာ အင်္ဂလိပ်စာဘာသာရပ်တွင် ဂုဏ်ထူးထွက်ခဲ့ပြီး စာမေးပွဲသမိုင်းတလျှောက် အင်္ဂလိပ်စာ ရမှတ်အမြင့်ဆုံး ကျောင်းသား အချိုးအစားဟာ စံချိန်တင် အနည်းဆုံး ဖြစ်ခဲ့သည်။
အင်္ဂလိပ်ဘာသာရပ်မှာ မေးခွန်း (၄၅) ခု ဖြေဆိုရပြီး အချိန် မိနစ် (၇၀) ပေးထားရာတွင် မေးခွန်းတချို့မှာ ရှုပ်ထွေးပြီး ဆိုလိုရင်းကို မဖော်ပြနိုင်သည့်အတွက် ကျောင်းသားအတော်များများ ဖြေဆိုနိုင်ခဲ့ခြင်း မရှိသောကြောင့် အောင်ချက်ရာခိုင်နှုန်းမှာ ယခင်နှစ် (၆) ရာခိုင်နှုန်းမှ (၃) ရာခိုင်နှုန်းအထိ ထိုးကျခဲ့သည်။
ကျောင်းသာအချို့သည် စာမေးပွဲမေးခွန်းပုံစံအား ဝေဖန်ခဲ့ကြပြီး မေးခွန်းပေါင်းများစွာကို အဖြေရှာရန် အချိန်အတော် ယူရပြီး မေးခွန်းစာသားများကို နားလည်ရန် ခက်ခဲသည့်အပြင် ပေးထားသည့် အဖြေများကလည်း ခပ်ဆင်ဆင်ရှိနေသည်ဟု ပြောကြားခဲ့သည်။
ထိုအဖြစ်အပျက်များကြောင့် ကိုရီးယားနိုင်ငံ သင်ရိုးညွှန်းတမ်းနှင့် စာမေးပွဲစစ်ဆေးမှုဌာန (Korea's Curriculum and Evaluation Institute) ၏ အရာရှိချုပ် Oh Seung-keol က ရာထူးမှ နုတ်ထွက်ခဲ့သည်။
'အကဲဖြတ် စစ်ဆေးခြင်းဆိုင်ရာ အခြေခံမူများနှင့် မကိုက်ညီသည့် အင်္ဂလိပ်စာဘာသာရပ် စာမေးပွဲအတွက် လေးလေးနက်နက် တာဝန်ယူပါမည်' ဟု ၎င်းက ပြောကြားခဲ့သည်။ စာမေးပွဲဖြေဆိုသူများနှင့် ၎င်းတို့၏ မိဘများကို စိတ်ပူစေခြင်း၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲလုပ်ငန်းစဉ်တွင် ရှုပ်ထွေးမှုများဖြစ်စေသည့်အတွက်လည်း ၎င်းက တောင်းပန်ခဲ့သည်။
KICE ဌာနဘက်ကလည်း အဆိုပါ ပြသနာနှင့် ပတ်သက်ပြီး အနာဂတ် စာမေးပွဲများတွင် ပိုပြီး သင့်တော်သည့် စနစ်မျိုးဖြင့် မေးခွန်းထုတ်နိုင်ရန် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။