Sales Hotline : 09448001653       Download App



သင် စာဖတ်တတ်ပြီလား?

ဒီလို မေးလိုက်တော့ စိတ်ထဲ တစ်မျိုးမထင်စေလိုပါဘူး။ တကယ်တော့ လူတော်တော်များများက စာဖတ်တာ နည်းအမျိုးမျိုးနဲ့ ဖတ်လေရှိကြပါတယ်။ တစ်ပိုဒ်ချင်းစီ အချိန်ယူဖတ်တာလား၊ သဘောတရားနားလည်အောင် အရင်ဖတ်ပြီးမှ အချိန်ယူပြီး ပြန်ဖတ်တာလား၊ စသည်ဖြင့် ကိုယ်ပိုင် အမူအကျင့်ပေါ် မူတည်ပြီး စာဖတ်ပုံစာဖတ်နည်းများကွဲပြားလေ့ရှိကြသည်မဟုတ်လား။

ဒါ့အပြင် စာဖတ်ခြင်းစွမ်းရည်ဆိုတာကလည်း ကျောင်းတွင် အရေးပါသည်သာမက လက်တွေ့ လူမှုဘဝတွင်လည်း အ‌ရေးပါပါသည်။ စာဖတ်နေစဉ် စဉ်းစားရန်နှင့် လက်ရှိ ဖတ်နေသော အရာများကို မှတ်မိရန်မှာလည်း အရေးကြီးတာကို လေ့လာရပါတယ်။ 

လက်ရှိဖတ်နေသည့် စာတွင် ပါသည့် အကြောင်းအရာ၊ အချက်အလက် သို့ မဟုတ် စကားလုံး တစ်လုံး၏ အဓိပ္ပါယ် ကို နားလည် သဘောပေါက်ရန် အတွက် အချိန်တစ်ခုပေးကာ လေ့လာသင့်ပါသည်။ ထိုမှသာ ပြီးပြီးရောဖတ်လိုက်ခြင်းမဟုတ်ဘဲ အကြောင်းအရာတစ်ခုကို ကျယ်ပြန့်စွာသိရှိနိုင်သည့် စွမ်းရည်တိုးတက်လာမှာဖြစ်ပါတယ်။ 

စာဖတ်ခြင်း သည် အလွန်ရှုပ်ထွေးလှပါတယ်။ မကြာခဏ ဆိုသလို မိမိတို့ ဖတ်လိုက်သည့် စာသား၏ အခြေခံ အဓိပ္ပါယ်ဖွင့်ဆိုချက်ကို နားလည်လိုက်သော်လည်း ရုပ်ပုံအားဖြင့် ဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာ အစိတ်အပိုင်းတစ်ခု အနေဖြင့် ဖြစ်စေ လစ်လပ်သွားလေ့ရှိသည်။ မည်သို့ပင် ကြိုးစားသော်လည်း ဖတ်ထားသော စာများသည် ခေါင်းထဲတွင် ကျန်နေခဲ့ခြင်းမရှိတာကိုလည်း ကြုံရတတ်ပါတယ်။ 

ဒါကြောင့် အောက်ပါ အချက်များသည် စာဖတ်သူတို့၏ စာဖတ်စွမ်းရည် ကို ပိုမို ကောင်းမွန်စေပြီး ပိုမိုပျော်ရွှင်စရာကောင်းသည့် အတွေ့အကြုံဖြစ်စေမည်ဟု ယုံကြည်မိပါသည်။

စာဖတ်ခြင်းကို အာရုံပျံ့လွှင့်စေမည့် အရာများကို ဖယ်ရှားပါ။

ဘေးပတ်ဝန်ကျင်မှာရှိသည့် တီဗီ၊ စမတ်ဖုန်း၊ သီချင်း နှင့် ရေဒီယိုများကို ပိတ်ထားလိုက်ပါ။ အဲ့လို ပိတ်ထားဖို့ အဆင် မပြေဘူး ဆိုရင် တော့ နေရာပြောင်းလိုက်ပါ။ စာကြည့်တိုက်၊ လသာဆောင် နှင့် စာကြည့်ခန်း၊ လိုအပ်လျှင် ရေချိုးခန်း သို့ သွားရောက်ဖတ်ရှုသင့်ပါသည်။

စာဖတ်ခြင်းကို ကူညီနိုင်မည့် သူကို ရှာဖွေပါ။

အကယ်၍ မိမိဖတ်ရှုနေသည့် အကြောင်းအရာသည် မိမိဖတ်နိုင်သည့် အဆင့်ထက် ကျော်နေပါက မိမိကို ကူညီဖတ်ရှုပေးနိုင်မည့် သူတစ်ဦးဦး (မိဘဖြစ်စေ၊ နည်းပြဖြစ်စေ၊ သူငယ်ချင်း ဖြစ်စေ) ကို အကူအညီတောင်းပါ။ မိမိဖတ်နေစဉ် အတွင်း မိမိကို ကူညီမည့်သူသည် အရေးကြီးသော မေးခွန်းများကို စာရင်းပြုစုထားကာ မေးခွန်းများ အပြန်အလှန် မေးကာ ဆွေးနွေးနိုင်ပါတယ်။ 

အသံထွက်ဖတ်ပါ။

ဒီနည်းလမ်းသည် စာဖတ်တို့၏ စာဖတ်နှုန်းကို နှေးကွေး စေပြီး မိမိအသံ မိမိ ပြန်ကြားနေသောကြောင့် နားထောင်ခြင်းစွမ်းရည်ပါ တိုးတက်စေသည့် အပြင် စာကျော်၊ စာကျန်ခြင်းများလည်း မဖြစ်တော့ပေ။ အခြားသူကို ဖတ်ပြခြင်းမျိုးမဟုတ်ဘဲ မိမိဘာသာ ကြားနိုင်ရုံမျှ လေသံဖြင့်သာ ဖတ်နေသော စကားလုံးများအတိုင်း ဘောပင် ဖြင့် ဖြစ်စေ လက်‌ချောင်း ဖြင့် ဖြစ်စေ ထောက်ကာ အာရုံစူးစိုက်မှု ပိုလုပ်နိုင်ပါသည်။

တိုးတက်မှုအတွက်ပြန်လည်ဖတ်ပါ။

စာတစ်ပိုဒ် ဖတ်ပြီးပါက ဆိုလိုချင်သည့် အကြောင်းအရာကို နားမလည်လိုက်ဘဲ ဖြစ်သွားတတ်တာမျိုး ဖြစ်ပါသည်။ ထို့ကြောင့် ပိုသေချာအောင် နောက်တစ်ခေါက် ပြန်ဖတ်ပါ။ ပြန်ဖတ်သည့် အချိန်တွင် ပို၍ နှေးကွေးစွာ ဖတ်ပြီး သဘောပေါက် နားလည်အောင်ကြိုးစားပါ။ ပြီးခဲ့သည့် အကြောင်းအရာကို နားမလည်ခဲ့ပါက နောက်တွင် လာမည့် အ‌ကြောင်းအရာများကိုလည်း နားလည်မည် မဟုတ်ပေ။ ဖတ်ထားပြီးသော စာအုပ်များကို ပြန်လည်လေ့လာခြင်းသည်ကျွမ်းကျင်မှုနှင့်မြန်ဆန်မှုကိုအထောက်အကူပြုလိမ့်မည် ဖြစ်သည်။

ဝေါဟာရ သိရှိမှုကို ချဲ့ထွင်ပါ။

မိမိနှင် အဆင်ပြေမည့် စာအုပ်နှင့် စတင်ပြီး တစ်ဆင့်ချင်း တစ်ဆင့် ပို၍ခက်ခဲသော စာအုပ်များသို့ ရွေးချယ်ဖတ်ရှုပါ။ အနီးအနားတွင် အဘိဓာန် တစ်ခု ဆောင်ထားပြီး မသိနားမလည်သည့် စကားလုံး တွေ့သည့်နှင့် ချက်ချင်း ရှာဖွေပြီး ချမှတ်ထားပါ။ စာများများဖတ်ဖြစ်အောင်လုပ်ပါ။ တစ်ခါတစ်ရံစကားလုံးတစ်လုံး၏အဓိပ္ပာယ်သည် စာပိုဒ် အကြောင်းအရာထဲတွင် နစ်မြုပ်နေလေ့ရှိသည်။ ထို့ကြောင့် များများဖတ်လေလေ စကားလုံးများ၏ အဓိပ္ပါယ်ကို ပိုမို ခန့်မှန်းနိုင်လေ ဖြစ်ပေသည်။

မှတ်စု ချမှတ်ထားပါ။

မှတ်စုလိုက်ရန် မှတ်စု စာအုပ် သပ်သပ် အသုံးပြုပါ။ သို့မဟုတ် လက်ရှိ ဖတ်နေသည်မှာ ကိုယ်ပိုင်စာအုပ်ဖြစ်ပါက ဘေးမာဂျင်လိုင်း တွင် မှတ်သားပါ။ စာအုပ်အတိုင်းပြန်လည် ရေးသားတာမျိုး မလုပ်ပါနှင့်။ ထို့အပြင် မှတ်ချက်အတိုများကိုလည်း မရေးမိလျှင်ပိုကောင်းပါသည်။ နောက် တစ်ခေါက် ပြန်ဖတ်လျှင် နားလည်နိုင်မည်မဟုတ်ပေ။ မှတ်စုရေးရန် လက်ပ်တော့ပ် ကို အသုံးပြုနိုင်သည်။ သို့သော် နှုတ်တစ်ရာ စာတစ်လုံး ဆိုသည့် အတိုင်း ချရေးလိုက်ခြင်းက အကြောင်းအရာများကို ပိုမို နားလည်သဘောပေါက် မှတ်မိစေပါသည်။

စာဖတ်ခြင်းသည် ဦးနှောက်ထဲတွင် တစ်ပြိုင်နက် ဖြစ်ပေါ်နေသည့် လုပ်ငန်းစဉ်များ များစွာပါဝင်နေသောကြောင့် တစ်ခါတစ်ရံ အလွယ်တကူ အာရုံစိုက်မှုများ ပျောက်ဆုံးတတ်ပါသည်။ ထို့ကြောင့်အာရုံပျံ့လွင့်ခြင်းမရှိဘဲဖတ်ရန်၊ မှတ်စုများယူရန်၊ အသံကျယ်ကျယ်ဖတ်ရန်နှင့်လိုအပ်ပါက အကူအညီ ယူရန်မှာ အလွန်အရေးကြီး ပေသည်။

စာဖတ်ခြင်းစွမ်းရည်သည် လေ့ကျင့်ခြင်း၊ အာရုံစိုက်ခြင်းနှင့်ဇွဲရှိခြင်း စသည့် စွမ်းရည်များကို တိုးတက်ရန် လိုအပ်သော အရည်အချင်း တစ်ခုဖြစ်သလို ကျိန်သေ သေချာပေါက် သင်ယူနိုင်သည့် ကျွမ်းကျင်မှု တစ်ခုဖြစ်ပေသည်။

By Myanmar Education Guide - EDGE
 

Pre-school Read 2422 times