မူကြိုကစပြီး မူလတန်း၊ အလယ်တန်း၊ အထက်တန်း၊ တက္ကသိုလ်အဆင့်ထိ ဘယ်အတန်းမှာမဆို ဆရာ၊ ဆရာမတစ်ဦးအနေနဲ့ သင်ခန်းစာတစ်ခု စမသင်ခင် ကြိုတင်ပြင်ဆင်မှုက အရေးပါဆုံး ဖြစ်ပါတယ်။ စာသင်ခန်းအတွင်း ကျောင်းသား/သူတွေ တက်ကြွစွာ ပါဝင်ဖို့၊ ထိရောက်တဲ့ သင်ကြားရေးဖြစ်စေဖို့အတွက် အောက်မှာ ဖော်ပြပေးမယ့် အချက်တွေကို အစီအစဉ်တကျ ပြင်ဆင်ထားရပါမယ်။
(၁) ဘာသာရပ်အကြောင်းအရာများကို လေ့လာပါ။
ကိုယ်သင်မယ့်သင်ခန်းစာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ကလေးတွေကို မသင်ခင်မှာ လေ့လာထားပါ။ ဖြစ်နိုင်ရင်တော့ ကိုယ်သင်မယ့်အကြောင်းအရာကို ပြည့်ပြည့်စုံစုံ သိရင် ပိုကောင်းတာပေါ့။ အဲဒါမှလည်း ကလေးတွေက မေးခွန်းတွေ ပြန်မေးရင် ဖြေနိုင်မှာ ဖြစ်သလို ဥပမာတွေပေးပြီး ပိုမိုနားလည်အောင် ရှင်းပြနိုင်မှာ ဖြစ်ပါတယ်။
(၂) သင်ထောက်ကူ သုံးပါ။
သင်ခန်းစာတစ်ခု သင်ကြားတော့မယ်ဆိုရင် သင်ထောက်ကူတွေကို များများ သုံးပေးသင့်ပါတယ်။ အဲဒါမှလည်း သင်ယူသူကလေးတွေအနေနဲ့ သင်ခန်းစာကို ပိုမိုစိတ်ဝင်စားလာပြီး လက်တွေ့ကျကျ သင်ယူနိုင်မှာပါ။ အခုခေတ်ဆိုရင် အွန်လိုင်းကနေတဆင့် သင်ထောက်ကူအရင်းအမြစ်တွေကို စက္ကန့်ပိုင်းလောက်နဲ့ လွယ်လွယ်ကူကူ ရှာဖွေနိုင်ပါတယ်။
(၃) သင်ကြားနည်း ရွေးချယ်ပါ။
ကလေးတစ်ယောက်နဲ့တစ်ယောက်က သင်ယူမှုပုံစံ (Learning Style) တွေ မတူညီကြတဲ့အတွက် ကိုယ်သင်မယ့် သင်ယူသူတွေနဲ့ ကိုက်ညီမယ့် သင်ကြားနည်းကို ရွေးချယ်ရပါမယ်။ သင်ကြားနည်းဆိုတာ တစ်မျိုးတည်း သုံးလို့လည်း မရပါဘူး။ နေရာအချိန်ခါ၊ သင်ယူသူတွေရဲ့ စိတ်ဝင်စားမှု စတဲ့ အခြေနေတွေပေါ် မူတည်ပြီး ပြောင်းရပါတယ်။ စာသင်တာ ကြာလာတဲ့အခါ ကလေးတွေက ဘယ်လိုသင်နည်းကို ကြိုက်တယ်ဆိုတာ မိမိအနေနဲ့လည်း သေချာလေး သိထားသင့်ပါတယ်။
ကလေးငယ်တွေရဲ့ မတူကွဲပြားတဲ့ သင်ယူလေ့လာနည်း (၅) မျိုး
> https://www.edge.com.mm/article/childrens-learning-styles.html
(၄) မေးခွန်းတွေကို ပြင်ဆင်ပါ။
ကိုယ်သင်မယ့် သင်ခန်းစာနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ပြင်ဆင်ထားပါ။ ဘယ်လိုမေးခွန်းမျိုး မေးရင် ကလေးမှာ ဘယ်လို ဗဟုသုတတွေ၊ ဘယ်လို အသိဉာဏ်တွေ ရသွားမလဲဆိုတာမျိုးကို ဖြစ်အောင် ပြင်ဆင်ပါ။ တချို့ကျောင်းသားတွေက မေးခွန်းတွေ မေးနေရတာကို သဘောကျတာတွေ ပါတတ်ပါတယ်။ အဲသလို မေးလာခဲ့ရင် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါ။
(၅) သင်ခန်းစာတွေကို ပြင်ဆင်ပါ။
ကျောင်းသင်ခန်းစာတွေကို စာသင်ခန်းချိန်မဝင်ခင် ကြိုတင်ပြင်ဆင်မှုတွေ ပြုလုပ်ထားပါ။ သင်ခန်းစာမှာ ဘယ်အပိုင်းတွေကို ဦးစားပေးသင်မလဲ၊ ဘယ်အပိုင်းတွေကို ဉာဏ်စမ်းမေးခွန်းတွေအဖြစ် မေးမလဲ၊ ဘယ်လောက်အချိန်ယူမလဲ၊ သင်ခန်းစာတစ်ခုလုံး သင်မှာလား (သို့) တစ်ဝက်လောက်ပဲ သင်မှာလား စတာတွေကို ကြိုတင် ဆုံးဖြတ်ထားရပါမယ်။
အနှစ်ချုပ်ရမယ်ဆိုရင် ဆရာ၊ ဆရာမတွေက အတန်းမစမီ သင်ခန်းစာအကြောင်းအရာတွေကို လေ့လာထားဖို့၊ သင့်တော်တဲ့ သင်ကြားနည်းတွေကို ရွေးချယ်နိုင်ဖို့၊ သင်ထောက်ကူပစ္စည်းတွေ စီစဉ်ထားဖို့ ပြင်ဆင်ရပါမယ်။ ဖော်ပြပါအချက်တွေကို ပြင်ဆင်ထားမယ်ဆိုရင် စာသင်ခန်းတစ်ခုအတွင်း သင်ကြားရေးလုပ်ငန်းစဉ်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီပဲ ဖြစ်ပါတယ်။