ပိုကောင်းတဲ့ သင်ယူမှုရလဒ်တွေ ရရှိဖို့ စာသင်ခန်းပြင်ဆင်နည်း (၆) နည်း

ဒီခေတ်မှာ စာရေးစားပွဲ၊ ထိုင်ခုံ၊ ကျောက်သင်ပုန်းရှိရုံနဲ့ စာသင်ခန်းလို့ ခေါ်လို့မရတော့ပါဘူး။ ဘာကြောင့်လဲဆိုရင် စာသင်ခန်းထဲမှာ စာသင်မယ့် ကျောင်းသားတွေ တက်တက်ကြွကြွ ပါဝင်သင်ယူလာစေဖို့ စာသင်ခန်းကိုယ်တိုင်က အပြင်အဆင်ကောင်းကောင်းနဲ့ အသက်ဝင်နေရပါမယ်။  

စာသင်ခန်းထဲမှာ ကျောင်းသားတွေရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်မယ့် အပြင်ဆင်မျိုး ထားရှိမယ်ဆိုရင် ပိုကောင်းတဲ့ သင်ယူမှုရလဒ်တွေကို ရရှိမှာ ဖြစ်ပါတယ်။  ဒါကြောင့် စာသင်ခန်းတစ်ခုကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ မျှဝေပေးသွားပါမယ်။ 

၁။ အလင်းရောင်ရရှိခြင်း

စာသင်ခန်းအတွင်း အလင်းရောင်ကလည်း စိတ်ခံစားချက်၊ အာရုံစူးစိုက်မှုနဲ့ သက်တောင့်သက်သာရှိမှုကို ပုံဖော်ပေးပါတယ်။ အလင်းရောင် စူးဝါးမှု (သို့) အမှိန်အဖျော့က  ကျောင်းသားတွေကို ပိုပြီ စိတ်အားထက်သန်စေနိုင်သလို ပျင်းရိလေးကန်သွားစေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ 

ကျောင်းသားတွေအတွက် သက်တောင့်သက်သာရှိတဲ့ လေထုကို ဖန်တီးဖို့ အလင်းအရမ်းမစူးဘဲ စာကိုသေချာမြင်နိုင်လောက်တဲ့ထိ တောက်ပတဲ့ မီးချောင်းတွေကို ဖြန့်ကျက်သုံးသင့်ပါတယ်။ 

နေရာလွတ်တွေမှာ အေးအေးချမ်းချမ်းနဲ့ ဆွဲဆောင်မှုရှိစေဖို့ မီးအိမ် (သို့) မီးကြိုးတန်းတွေကို အသုံးပြု တပ်ဆင်သင့်ပါတယ်။ 

အလင်းပြန်ခြင်းကို လျှော့ချဖို့အတွက် ပြတင်းပေါက်ဖလင်ကို အသုံးပြုတာမျိုး၊ သဘာဝအလင်းရောင်ကို များများရဖို့ လိုက်ကာတွေ ဖွင့်ထားတာမျိုး လုပ်သင့်ပါတယ်။

၂။ နံရံပြင်ဆင်ခြင်း

နံရံတွေမှာ အလှဆင်ခြင်းက သင်ယူမှုကို လှုံ့ဆော်ပေးနိုင်သလို သင်ယူမှုကနေလည်း အာရုံလွှဲပြောင်းပေးနိုင်ပါတယ်။ 

ကျောင်းသားတွေရဲ့ နေ့စဉ် (သို့) တစ်ပတ်တာ အစီအစဉ်ကို နံရံမှာ ကပ်ထားပါ။ ဗဟုသုတရစရာ ရုပ်ပုံလေးတွေ၊ ကိုယ်တိုင်ဆွဲထားတာတဲ့ ပန်းချီလေးတွေ ထားရှိပါ။ အရည်အသွေးမြင့်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ ရုပ်ပုံတွေ ဖြစ်ဖို့တော့ လိုအပ်ပါတယ်။

ကျောင်းသားတွေရဲ့ အောင်မြင်မှုနဲ့ ဆိုင်တဲ့ ဓာတ်ပုံတွေကိုလည်း ချိတ်ဆွဲထားပါ။ စဉ်းစားတွေးခေါ်စရာ မေးခွန်းတွေကို နံရံမှာ ကပ်ထားပါ။

နံရံပြင်ဆင်မှုက အရေးကြီးပေမဲ့ အရမ်းကြီး မျက်စိရှုပ်စရာ မဖြစ်အောင် နံရံရဲ့ (၄၀%-၅၀%) လောက်ကိုတော့ ရှင်းရှင်းလင်းလင်း ထားရပါမယ်။ စာသင်ခန်းအရောင်အနေနဲ့ စိတ်ကိုတည်ငြိမ်စေမယ့် အဖြူရောင်၊ အပြာရောင်၊ အစိမ်းရောင်တို့ကိုသာ သုံးသင့်ပါတယ်။

၃။ စီစီရီရီသပ်သပ်ရပ်ရပ်ထားခြင်း

ပစ္စည်းတွေကို စုစုစည်းစည်းနဲ့ သပ်သပ်ရပ်ရပ် ထားမယ်ဆိုရင် အချိန်ကုန်ခြင်းနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချပေးပါတယ်။ 

ကျောင်းသားတွေအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို အလွယ်တကူ ရှာဖွေနိုင်ဖို့ လက်လှမ်းမှီတဲ့ စင်လေးတွေ အသုံးပြုပါ။ ရောင်စုံခဲတံလေးတွေ၊ ပုံဆွဲစာအုပ်လေးတွေကို တစုတစည်းတည်းထားသလို တခြားလိုအပ်တဲ့ ပစ္စည်းတွေကိုလည်း တူရာအုပ်စုခွဲပြီး သပ်သပ်ရပ်ရပ် စီထားပါ။

၄။ ထိုင်ခုံနေရာချခြင်း

အညောင်းမမိစေဘဲ သက်တောင့်သက်သာ ထိုင်လို့ရမယ့် ခုံလေးတွေကို စီစဉ်ပေးပါ။ နေရာထိုင်ခင်းက အာရုံစူးစိုက်မှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပူးပေါင်းပါဝင်မှုကို သက်ရောက်မှုရှိစေပါတယ်။ 

အဖွဲ့လိုက်လုပ်ဆောင်မှု၊ အမှီအခိုကင်းကင်းလေ့လာမှုနဲ့ ဆွေးနွေးမှုတွေ စတဲ့ လှုပ်ရှားမှုတွေအတွက် လိုက်ဖက်တဲ့ နေရာထိုင်ခင်းပုံစံကို အစီအစဉ်ချပါ။

အနှောင့်အယှက်ကင်းဖို့ တံခါးအနီး (သို့) စင်္ကြံလမ်းဘက်နဲ့ အနီးအနားမှာ စားပွဲခုံတွေ နေရာမချပါနဲ့။ အုပ်စုလိုက် ထိုင်မယ်ဆိုရင် ကလေးတိုင်း သင်ပုန်းကို မြင်နိုင်ဖို့ L ပုံစံ စားပွဲစီပါ။ ဆွေးနွေးမှုအတွက်ဆိုရင် စက်ဝိုင်း (သို့) စက်ဝိုင်းခြမ်း ပုံစံ နေရာချပါ။ တစ်ယောက်ချင်းစီထိုင်တာထက် သုံယောက်တစ်ဖွဲ့ထိုင်တာက ကျောင်းသားအချင်းချင်း တိုင်ပင်ဆွေးနွေးဖို့ ပိုပြီး အဆင်ပြေစေနိုင်ပါတယ်။ 

အခန်းထဲမှာ တိတ်ဆိတ်ပြီး သက်တောင့်သက်သာရှိတဲ့ နေရာတွေက ကျောင်းသားတွေကို စိတ်ပိုင်းဆိုင်ရာ အနားရစေပါတယ်။ ဒါကြောင့် သူတို့အတွက် စာဖတ်ဖို့၊ ပုံဆွဲဖို့၊ ဂီတကို ခံစားဖို့ သီးသန့်နေရာလေးတစ်ခုလည်း ပေးထားသင့်ပါတယ်။  

၅။ အသံတိတ်ဆိတ်ခြင်း

ဆူညံသံက ကျောင်းသားတွေကို အာရုံထွေပြားစေနိုင်တဲ့ အဓိက အကြောင်းအရင်း ဖြစ်ပါတယ်။ နိုင်ငံခြားကျောင်းတွေမှာဆိုရင် ထိုင်ခုံရွှေ့တဲ့အခါ အသံမမြည်အောင် ထိုင်ခုံအောက်ခြေမှာ တင်းနစ်ဘောလုံးတွေ ခံထားတာမျိုးတောင် လုပ်ကြပါတယ်။ 

ဆူညံသံကို ပယ်ဖျက်နိုင်တဲ့ နားကြပ်တွေ တပ်ဆင်ပေးပါတယ်။ အာရုံစူးစိုက်မှု ပိုကောင်းဖို့အတွက် White noise တွေ ဖွင့်ထားပေးကြပါတယ်။ စက်ပစ္စည်း ဆူညံသံတွေကနေလည်း ရှောင်ရှားဖို့ ပန်ကာတွေ၊ တံခါးတွေအနီးမှာ မထိုင်ခိုင်းပါဘူး။  

၆။ အနံ့အသက်နဲ့ လေဝင်လေထွက်ကောင်းခြင်း

လေကောင်းလေသန့် ရရှိပြီး သက်တောင့်သက်သာဖြစ်တဲ့ အခန်းအပူချိန်က ကျောင်းသားတွေရဲ့ စိတ်နှလုံးကို နိုးကြားတက်ကြွစေပါတယ်။ သဘာဝလေဝင်လေထွက် ကောင်းမွန်စေဖို့ ပြတင်းပေါက်တွေကို ဖွင့်ထားပါ။

ဖုန်မှုန့်တွေကို လျှော့ချဖို့နဲ့ လေအရည်အသွေး ကောင်းမွန်ဖို့ လေသန့်စင်စက်တွေကို အသုံးပြုပါ။ အပူသက်သာအောင် ပန်ကာတွေ၊ လေအေးပေးစက်တွေ ဖွင့်ပြီး အခန်းကို အေးအောင်ထားပါ။

အပေါ်မှာ ပြောခဲ့သလိုပဲ စာသင်ခန်းလေးကို ပြင်ဆင်ပေးပြီး နွေးထွေးလုံခြုံမှုပေးမယ်ဆိုရင် သင်ကြားသင်ယူရေးမှာ ကောင်းမွန်တဲ့ အကျိုးဆက်တွေ ရရှိလာမှာ ဖြစ်ပါတယ်။ 

Reference - edutopia

Kindergarten Pre-school Primary Secondary Read 9 times