စင်္ကာပူက ပြည်ပဆေးကျောင်း (၈) ခုမှ ဆေးပညာဘွဲ့များကို ထပ်တိုး အသိအမှတ်ပြု

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှစ၍ နောက်ထပ် ပြည်ပဆေးကျောင်း (၈) ခုကို စင်္ကာပူရှိ ဆေးပညာဆိုင်ရာ အသိအမှတ်ပြုတက္ကသိုလ်များစာရင်းတွင် ထည့်သွင်းသွားမည်ဖြစ်ကြောင်း သိရသည်။

ဇန်နဝါရီ (၂၇) ရက်နေ့ ကျန်းမာရေးဝန်ကြီးဌာန (MOH) နှင့် စင်္ကာပူဆေးကောင်စီ (SMC) တို့ ပူးတွဲထုတ်ပြန်ချက်တွင် အသစ်အတည်ပြုလိုက်သော ကျောင်းများသည် နိုင်ငံတွင်း ဆရာဝန်လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထပ်တိုး အသိအမှတ်ပြုလိုက်သော ကျောင်းများမှာ သြစတြေးလျနိုင်ငံ Adelaide University၊ အိန္ဒိယနိုင်ငံ Kasturba Medical College အိုင်ယာလန်က University of Galway၊ မလေးရှားက Universiti Sains Malaysia၊ ပါကစ္စတန်က The Aga Khan University Medical College၊ တရုတ်နိုင်ငံ Tsinghua University၊ ဗြိတိန်နိုင်ငံ University of Exeter နှင့် University of London တို့ ဖြစ်သည်၊၊ 

ယခင်က စင်္ကာပူရှိ အသိအမှတ်ပြု ပြည်ပဆေးကျောင်း (၁၁၂) ခု ရှိခဲ့ရာမှ ယခု (၈) ခု ထပ်တိုးလိုက်ပြီ ဖြစ်သောကြောင့် ပြည်ပဆေးကျောင်း (၁၂၀) အထိ ရှိလာပါမည်။

စင်္ကာပူဆေးကောင်စီ အသိအမှတ်ပြု ပြည်ပဆေးကျောင်း (၁၂၀) စာရင်း ကြည့်ရှုရန်

https://sgschoolkaki.com/blog/

စင်္ကာပူဆေးကောင်စီက အခြားနိုင်ငံများတွင် လေ့ကျင့်သင်ကြားထားသော ဆရာဝန်များသည် စင်္ကာပူရှိ ဆေးကျောင်းများကဲ့သို့ ကောင်းမွန်သော ပညာရေးနှင့် လေ့ကျင့်ရေးများ ရှိ၊မရှိကို သေချာစေရန် မှတ်ပုံတင်နိုင်သည့် ဆေးပညာအရည်အချင်းများကို ပုံမှန် စစ်ဆေးလေ့ရှိသည်။

ယခုလို ရွေးချယ်ရာတွင် ကျောင်းများ၏ နိုင်င်ငံတကာ အဆင့်သတ်မှတ်ချက်များ၊ အင်္ဂလိပ်ဘာသာစကားပြောသင်ကြားရေး ဟုတ်/မဟုတ်နှင့် အဆိုပါကျောင်းများမှ ဆရာဝန်များ၏ စွမ်းဆောင်ရည်တို့အပါအဝင် အချက်များစွာကို ထည့်သွင်းစဉ်းစားထားကြောင်း သိရသည်။

"ထပ်တိုးမှုများသည် ကျွန်ုပ်တို့၏ သက်ကြီးလူဦးရေ တိုးပွားလာမှုကြောင့် ဖြစ်ပေါ်လာသော ဆရာဝန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပြီး၊ ကျွန်ုပ်တို့သည် နှစ်စဉ် ဒေသတွင်း ဆေးကျောင်းဝင်ခွင့်ကို ၂၀၁၄ ခုနှစ်တွင် ကျောင်းသား (၄၄၀) ဝန်းကျင်မှ ၂၀၂၅ ခုနှစ်တွင် (၅၅၅) ယောက်အထိ တိုးမြှင့်လက်ခံခဲ့သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စင်္ကာပူနိုင်ငံသားဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ အဆိုပါကျောင်းများမှ ၂၀၂၆ မတိုင်မီ (သို့) ၂၀၂၆ ပြီးနောက် ဘွဲ့ရကျောင်းဆင်းများသည် စင်္ကာပူတွင် ဆေးကုသနိုင်ရန် စင်ကာပူဆေးကောင်စီတွင် မှတ်ပုံတင်နိုင်သည်။

စင်္ကာပူဆေးကောင်စီသည် ပြည်ပကျောင်းမှ ဘွဲ့ရ ဆရာဝန်များ၏ ဆေးပညာအဆင့်အတန်း မြင့်မားစေရန် လုပ်ငန်းခွင်အစနှစ်ပိုင်းများတွင် စောင့်ကြည့်လမ်းညွှန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source - The Straits Times

International News Read 11 times