Sales Hotline : 09448001653       Download App



ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း ဖွင့်လှစ်

ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ပညာရေးစီမံခန့်ခွဲမှုသင်တန်းကျောင်း(ရန်ကုန်)မှ ကိုယ်ပိုင်ကျောင်း တည်ထောင်အုပ်ချုပ်သူများအတွက် ကျောင်းစီမံအုပ်ချုပ်မှု စွမ်းရည်မြှင့်တင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၂၁) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင်   ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပညာရေးဝန်ကြီးဌာနအနေဖြင့် ပုဂ္ဂလိကကျောင်းများ၏ အခန်းကဏ္ဍကို အားပေးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၁၈ခုနှစ်မှစတင်၍ ကိုယ်ပိုင်ကျောင်းများနှင့် သင်ကြားသင်ယူမှုနည်းလမ်းများ၊ ကွန်ပျူတာနှင့် Learning Management System သင်တန်းများ ပူးပေါင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ပုဂ္ဂလိက ပညာရေးကဏ္ဍ အားကောင်းရန် အားပေးခဲ့သလို အစိုးရကျောင်းများကိုလည်း အရည်အသွေးမြင့်မားရေးအတွက် တိုင်းရင်းသားဒေသများကို ဦးစားပေး ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ၂၀၁၉ ခုနှစ် မေ(၁၁)ရက်က အ.ထ.က(၂) ပျဉ်းမနားတွင် သင်ရိုးသစ် ဆဋ္ဌမတန်းသင်တန်း၌ “ဆရာဆရာမတွေ၊ ကျောင်းအုပ်တွေ၊ ကျောင်းတည်ထောင်သူတွေဆိုတာ သင်ယူရာမှာတော်ကြတယ်၊ တော်လို့လည်း ဆရာဆရာမ၊ ကျောင်းအုပ်၊ ကျောင်းတည်ထောင်သူတွေ ဖြစ်နေတာဖြစ်ပါတယ်။ ကိုယ်သင်ယူရာမှာတော်သလို သင်ကြားသင်ယူရာမှာ လေ့ကျင့်ပေးတဲ့ အခါမှာလည်း တော်စေချင်ပါတယ်၊ ဆရာဆရာမတွေ၊ ကျောင်းအုပ်တွေအနေနဲ့ ကျောင်းသား ကျောင်းသူတွေ စာသင်ချိန်နဲ့ ကျောင်းမှာ ပျော်ရွှင်စေလိုပါကြောင်း၊ကလေးများ  ကျောင်းသွားတာကို ပျော်မှသာ ပညာတတ်များဖြစ်အောင် ကြိုးစားမည်ဖြစ်ပါကြောင်း၊  နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိက သည် ပညာရေးစနစ်ဖြစ်ပါကြောင်း၊ အချိန်တိုအတွင်း နိုင်ငံတကာနှင့် ရင်ဘောင်တန်းလိုက်နိုင်ရေး အရေးကြီးပါကြောင်း၊ အခြားနိုင်ငံများကို အချိန်တိုအတွင်း အမီလိုက်နိုင်ရေးအတွက် ကျောင်းသား ကျောင်းသူများသည် တမူဆန်းသစ်တီထွင်ပြီး တော်နေရန် အရေးကြီးပါကြောင်း၊ ကျောင်းစာတွင် တော်ရုံသာမက၊ စာရိတ္တနှင့် ပူးပေါင်းဆောင်ရွက်မှုများတွင်လည်း တော်ရန်အရေးကြီးပါကြောင်း၊  ဆရာဆရာမများသည် တစ်သက်လုံး သင်ယူနေသူများဖြစ်သည့်အတွက် အသင်းအဖွဲ့စိတ်ဓာတ်နှင့် သင်ယူတတ်သကဲ့သို့ ကျောင်းသား ကျောင်းသူများအား အစုအဖွဲ့လိုက် ပူးပေါင်းသင်ယူတတ်ရေး၊ အလုပ်အတူတကွ လုပ်ဆောင်တတ်ရေး သင်ကြားသင်ယူပေးရန်အရေးကြီးပါကြောင်း၊ လူမှုအသိုင်းအဝိုင်းကို ပျော်ရွှင်အောင်၊ ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးနိုင်မည့် ကလေးငယ်များကို ပြုစုပျိုးထောင် မွေးထုတ်ပေးကြစေလိုပါတယ်”ဟု ပြောကြားခဲ့ပါကြောင်း။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ နှစ်သစ်ကူးမိန့်ခွန်းတွင် “နိုင်ငံတစ်နိုင်ငံဖွံ့ဖြိုးတိုးတက်မှုမှာ အလွန်အရေးပါတဲ့ ကဏ္ဍတစ်ခုကတော့ ပညာရေးကဏ္ဍ ဖြစ်ပါတယ်။ ပညာရေးကဏ္ဍ တိုးတက်မှုဟာ ရေရှည်လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါတယ်။ နိုင်ငံတော်အနေနဲ့လည်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေဖို့ နိုင်ငံတော်ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဆောင်ရွက်သွားမှာဖြစ်တဲ့အပြင် ပုဂ္ဂလိကပညာရေးကဏ္ဍကိုလည်း အားပေးသွားမှာဖြစ်ပါတယ်။ ခေတ်ရဲ့လိုအပ်ချက်များနဲ့ ကိုက်ညီတဲ့ပညာရေးစနစ် အပြောင်းအလဲတွေကို ဆောင်ရွက်ရမှာဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းပညာရေးကို ချဲ့ထွင်အားပေးခြင်းဖြင့်၊ ကျွန်မတို့ လူငယ်များ အလုပ်အကိုင်ရရှိပြီး၊ ဘဝလုံခြုံမှုခိုင်မာရေးကို အာမခံနိုင်သွားမှာဖြစ်ပါတယ်။ ပညာရေးရဲ့ အဓိက စွမ်းအားကတော့ ရင်ဆိုင်ရမယ့် ပြဿနာများကို အကောင်းဆုံးဖြေရှင်း နိုင်မယ့်လမ်း ရှာဖွေလျှောက်လှမ်းနိုင်တဲ့ အရည်အချင်းတွေ ဖြည့်ဆည်းပေးခြင်းပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်ရဲ့ နောင်လာမယ့်နှစ်များမှာ ကျွန်မတို့နိုင်ငံရင်ဆိုင်ရမယ့် ပြည်တွင်း၊ ပြည်ပ စိန်ခေါ်မှုများကို စဉ်ဆက်မပြတ် ကျော်လွှားနိုင်စွမ်းရှိတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်၊ ထိန်းသိမ်းရေးတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်မယ့်၊ ပြည်သူ ပြည်သားများ ပြုစုပျိုးထောင်ပေးမယ့် ပညာရေးစနစ်ကို အကောင်အထည်ဖော်ဖို့ ဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်ကို တင်ပြအပ်ပါကြောင်း။

ပုဂ္ဂလိကကဏ္ဍကိုအားပေးသည့် အနေဖြင့် ပုဂ္ဂလိကကျောင်းများ ဖွင့်လှစ်ခြင်းကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ဆရာဆရာမများ၊ ကျောင်းတည်ထောင်သူများ၊ ကျောင်းအုပ်ကြီးများ၊ စွမ်းဆောင်ရည်မြင့်မားလာအောင် ပူးပေါင်းပြီးဆောင်ရွက်နေပါကြောင်း၊ High-tech learning , High-touch learning,  Blended learning များကိုလည်း ခေတ်အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်သည့် ပညာရေးစနစ် အပြောင်းအလဲများကို (၂၁)ရာစု ကျွမ်းကျင်မှုရအောင် လုပ်ဆောင်ပေးဖို့လိုပါကြောင်း၊ (၂၁) ရာစု ကျွမ်းကျင်မှုနှင့် စွမ်းဆောင်ရည်များကို ကျောင်းသားကျောင်းသူများ သင်ယူတတ်မြောက်ရေးအတွက် ဆောင်ရွက်ပေးရန် အခြေခံလိုအပ်ချက်သည် အရေးအဖတ်အတွက်သာမက ယနေ့ ICT Skill, Financing Skill, ယဉ်ကျေးမှုနှင့် ပြည်သူ့နီတိ စသည်တို့လည်း တန်းတူအရေးကြီးလာပါကြောင်း၊ ပုံမှန် Traditional Education System မှ ဖောက်ထွက်၍ တစ်မူထူးခြားစွာ လုပ်ဆောင်ပေးရန် လိုအပ်လာပါကြောင်း။

လက်ရှိ COVID - 19 အခြေအနေအရ နည်းပညာကိုအသုံးပြု၍ Online သင်တန်းများ ဆောင်ရွက်နိုင်ရန်အတွက် အဆင်သင့်မဖြစ်သေးသော်လည်း ကျောင်းများတွင်ရှိသည့် ကျောင်းအုပ်များ၊ ဆရာဆရာမများ၊ ဝန်ထမ်းများ၏ ICT Skill, Learning Management System၊ စီမံခန့်ခွဲမှု စွမ်းရည်တို့ကို မြှင့်တင်ကာ Online သင်တန်းများဖွင့်နိုင်အောင် ပူးပေါင်းပံ့ပိုးဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အားလုံးကမိသားစု စိတ်ဓာတ် ဖြင့် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်းက လမ်းညွှန်အမှာစကား ပြောကြား၍   မြန်မာနိုင်ငံလုံးဆိုင်ရာ ကိုယ်ပိုင်ကျောင်းများအသင်း ဥက္ကဋ္ဌ ဦးနေအုပ်(စိန်ပေါလ်)က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

အခမ်းအနားသို့  ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဒုတိယအမြဲတမ်း အတွင်းဝန်များ၊    ညွှန်ကြားရေးမှူးချုပ်များ၊  ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊  တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။

ယခုဖွင့်လှစ်သောသင်တန်းတွင် သင်တန်းသား (၄၄၃)ဦး၊ သင်တန်းသူ (၃၉၄)ဦး စုစုပေါင်း (၈၃၇)ဦး တက်ရောက်ကြပြီး စွမ်းရည်မြှင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၁)ကို ဇန်နဝါရီ ၁၉ မှ ၃၁ ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

By Myanmar Education Guide (EDGE) 

News Read 1604 times