အမေရိကန်နိုင်ငံ၏ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်များသည် မည်သို့သော ပြောင်းလဲမှုများနှင့် ကြုံတွေ့လာရပါစေ မပြောင်းလဲဘဲ ထိပ်ဆုံးတွင် ရပ်တည်လျက်ရှိသည်။
Wall Street Journal/Times Higher Education College Rankings ၏ စာရင်းများအရ ဟားဗတ်တက္ကသိုလ်(Harvard University) သည် ထိပ်တန်းနေရာတွင်လေးနှစ် ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။
ဒုတိယမြောက်နေရာကိုတော့ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (Massachusetts Institute of Technology) ကိုလည်းကောင်း၊ တတိယနေရာကို ယေးလ်တက္ကသိုလ် ( Yale University) မှ နေရာယူထားခဲ့သည်။
ထို့အပြင် အိုင်ဗီလိဂ် (Ivy League) လို့ခေါ်သည့် ပုဂ္ဂလိက တက္ကသိုလ် (၈) ခုသည်လည်း ထိပ်တန်းတက္ကသိုလ် (၁၅) ခုတွင် ပါဝင်နေသည်။
ဟားဗတ်နှင့်ယေးလ်တို့အပြင် ဘရောင်းတက္ကသိုလ် (Brown University) သည် ပဉ္စမနေရာတွင်လည်းကောင်း၊ ပရင့်စတန် (Princeton University) တက္ကသိုလ်သည် သတ္တမနေရာတွင်လည်းကောင်း၊ ကော်နဲလ်တက္ကသိုလ် (Cornell University) သည် နဝမမြောက်တွင်လည်းကောင်း၊ ဒက်တ်မောက်ကောလိပ် (Dartmouth College) သည် နံပတ် (၁၂) မြောက်တွင် လည်းကောင်း၊ ပဲင်စီလ်ဘေးနီးယားတက္ကသိုလ် (Pennsylvania University) နံပတ် (၁၃) မြောက်တွင် လည်းကောင်း၊ နံပတ် (၁၅) မြောက်ကို ကိုလံဘီယာတက္ကသိုလ် (Columbia University) အစရှိသည့် တက္ကသိုလ်များက အသီးသီး နေရာယူထားသည်။
ထိပ်တန်းကျောင်း (၁၀) ကျောင်း၏ထက်ဝက်ကျော်သည် အရှေ့မြောက်ဘက်မှ ဖြစ်သည်။ ချွင်းချက်အနေဖြင့်စတန်းဖို့ဒ်တက္ကသိုလ် (Stanford University) (နံပါတ် ၄)၊ ဒူးခ်ျတက္ကသိုလ် (Duke University) (နံပါတ် ၅) ၊ ကယ်လီဖိုးနီးယားနည်းပညာအင်စတီကျု (California institute of Technology) (နံပတ် ၇) နှင့် နော့စ်ဝက်စတန် (Northwestern University) ( နံပတ် ၁၀) တို့ဖြစ်ကြသည်။
ထိပ်တန်းအဆင့် အစိုးရကျောင်းဖြစ်သည့် မီချီဂန်တက္ကသိုလ်မှ အမ်းအာဘိုကျောင်းဝင်း (Michigan's Ann Arbor Campus) သည် နံပါတ် (၂၃) နေရာတွင်ရပ်တည်လျက်ရှိသည်။ အဆင့်မြင့်ပညာရေးကျွမ်းကျင်သူများက အိုင်ဗီလိဂ်များ၏ ဆက်လက်အောင်မြင်မှုသည် ၎င်းတို့၏ သုံးစွဲထားသော ပညာရေး အသုံးစရိတ်များကြောင့် ဖြစ်မည်ဟု ယူဆကြသည်။
အမေရိကန်ကောလိပ်များနှင့် တက္ကသိုလ်များအသင်းမှဥက္ကဋ္ဌ Lynn Pasquerella မှ “ အသုံးပြုသောမက်ထရစ်များတွင် ပညာရေးအရင်းအမြစ်များ၊ ဘွဲ့လွန်ကျောင်းသားများ၏ကြွေးမြီများ၊ ဆရာများ၏မတူကွဲပြားမှုများနှင့်ဘွဲ့ရသူများ၏လစာက အဖွဲ့အစည်းများကို ပိုမိုကောင်းမွန်စေပါတယ်” ဟုပြောကြားခဲ့သည်။
အထက်ပါ အဆင့်သတ်မှတ်ချက်များသည် အခြေခံအချက် (၁၅) ချက်ပေါ်မူတည်ပြီး အဓိကအမျိုးအစား လေးခုတွင် အခြေခံထားသည်။
ကျောင်းများအားလုံး၏ အောင်မြင်မှု (၄၀) ရာခိုင်နှုန်းသည် ထိုကျောင်းများမှ ဘွဲ့ ရသွားသည့် ကျောင်းသားများ၏ လစာနှင့် ကျောင်းလခများမှ ရရှိပါသည်။
(၃၀) ရာခိုင်နှုန်းမှာ ပညာရေး အရင်းအမြစ်များမှ ဖြစ်ပြီး စာသင်ကြားရာတွင် မည်မျှ သုံးစွဲထားသည့် အရာများမှ ဖြစ်သည်။
ကျောင်းသားများအနေဖြင့် ၎င်းတို့၏ပညာရေးကို လက်တွေ့ဘဝလောကတွင် အသုံးချရန် အဆင်သင့်ရှိမရှိ အပါအဝင် ကျောင်းသားပါဝင်မှု စသည့် အပိုင်းမှလည်း ကျောင်း၏ အောင်မြင်မှု (၂၀) ရာခိုင်နှုန်းကို ရရှိသည်။
ကျန်ရှိသည့် (၁၀) ရာခိုင်နှုန်းမှာ စာသင်ကြားနိုင်သည့် ပတ်ဝန်းကျင်ကောင်း ဖြစ်ပြီး အမျိုးမျိူးသော ကျောင်းသားများနှင့် ပညာရေးဝန်ထမ်းများ၏ ပူပေါင်းပါဝင်မှုများဖြစ်သည်။
ထိုသို့စုဆောင်းထားသော အချက်အလက်များမှာ ကျောင်းများအားလုံး မပိတ်မီ လူကိုယ်တိုင်မေးမြန်း စုံစမ်းထားခြင်း ဖြစ်ပြီး အဝေးမှ သင်ကြားခြင်းနှင့် ပတ်သက်၍ ပညာရေး အရည်အသွေးများ သို့မဟုတ် ကျန်းမာရေးဆိုင်ရာ ဦးစားပေး ဆောင်ရွက်ခြင်များကိုတော့ ထည့်သွင်း စဉ်းစားထားခြင်းမရှိပါ။
သို့သော် ကျူရှင်စရိတ် သို့မဟုတ် ကျောင်းသားတစ်ဦးချင်း ပေးရမည့် အသုံးစရိတ်များမှာ ကမ္ဘာ့ကပ်ရောဂါ ကာလအတွင်းလည်း အတူတူပင် ဖြစ်သည်ကို တွေ့ရသည်။
By Myanmar Education Guide
Ref: Mint