ပီရူးနိုင်ငံရဲ့ အစိုးရကျောင်းတွေမှာ ကျောင်းသားတွေအနေနဲ့ ဆံပင်တိုတိုပဲ ထားရမှာဖြစ်ပြီး ကျောင်းသူတွေကတော့ ဆံပင်ဆိုးတာ၊ လက်သည်းဆိုးတာ၊ မိတ်ကပ်လိမ်းတာ၊ စကပ်တိုဝတ်တာတွေကို စွန့်လွှတ်ရတော့မှာပဲ ဖြစ်ပါတယ်။
ဒါ့အပြင် စာသင်ချိန်အတွင်း လက်ကိုင်ဖုန်း အသုံးပြုမှုနဲ့ ပတ်သက်လို့လည်း စည်းမျဉ်းများ ရှိလာမှာ ဖြစ်ပါတယ်။
သမ္မတ ကေကို ဖူဂျီမိုရီက ပြင်းထန်တဲ့ ပြစ်မှုများအတွက် ကျောင်းထုတ်ပစ်တဲ့ စနစ်ကို ကျင့်သုံးပြီး အကျင့်စာရိတ္တပိုင်းမှာ အမှတ်ပေးသည့်စနစ်ကို မိတ်ဆက်ပေးသည့် ကျောင်းစည်းကမ်းဆိုင်ရာ နည်းဥပဒေအသစ်များကို အောက်တိုဘာ (၁၂) ရက်နေ့တွင် ကြေညာခဲ့သည်။
စာသင်ခန်းများအတွင်း အကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုများကို နှိမ်နင်းရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း အစိုးရက ပြောကြားသည်။
"စည်းကမ်းစနစ် ဆိုတာ လမ်းမတွေပေါ်မှာတင် ရှိရမှာ မဟုတ်ပါဘူး။ ကျွန်မတို့ရဲ့ ကျောင်းတွေ၊ စာသင်ခန်းတွေထဲကိုလည်း ပြန်လည်ရောက်ရှိလာရပါမယ်" ဟု သမ္မတ ကေကို ဖူဂျီမိုရီက ပြောကြားခဲ့သည်။
ယခုနှစ် ဇန်နဝါရီလနှင့် ဩဂုတ်လအတွင်း ကျောင်းတွင်း အကြမ်းဖက်မှု ဖြစ်စဉ်ပေါင်း (၁၁,၈၀၅) ခုရှိကြောင်း ပီရူးပညာရေးဝန်ကြီးဌာနမှ သိရသည်။
ပညာရေးဝန်ကြီး ဟိုဆေး အန်တိုနီယို ချန်ကလည်း စည်းကမ်းအသစ်များကို အသေးစိတ် ရှင်းလင်းပြောကြားခဲ့သည်။
"ကျောင်းသူများ မိတ်ကပ် မလိမ်းရ၊ လက်သည်းနီ မဆိုးရ၊ ဆံပင် မဆိုးရ။ ကျောင်းသားများ ဆံပင်တိုတိုထားရမည်ဖြစ်ပြီး ကျောင်းသူများ၏ စကတ်အရှည်မှာ ဒူးအောက်အထိ ရှိရမယ်။ စကတ်တိုများ ဝတ်ဆင်ခြင်းကို လုံးဝ ခွင့်မပြုပါ။ ဆရာ/ဆရာမက ခွင့်ပြုချိန်မှလွဲ၍ လက်ကိုင်ဖုန်းများကိုလည်း တားမြစ်ထားမယ်" ဟု ပြောကြားခဲ့သည်။
"ဒါတွေဟာ လုံးဝ လွဲမှားနေတဲ့ အစီအမံတွေဖြစ်ပြီး ကျွန်မတို့ လူ့အဖွဲ့အစည်းကို နှစ်ပေါင်း (၃၀) မက နောက်ပြန်ဆုတ်သွားစေလိမ့်မယ်လို့ ထင်ပါတယ်" ဟု သင်ကြားရေးဆိုင်ရာ စီမံခန့်ခွဲရေး ဒုတိယဝန်ကြီးဟောင်း အာနာ အန်ဒရာဒေ ပါကိုရာက ဝေဖန်ခဲ့သည်။
ကျောင်းသူများ၏ အဝတ်အစားဆိုင်ရာ ကန့်သတ်ချက်များသည် လိင်ခွဲခြားဆက်ဆံမှု ဖြစ်သည်ဟုလည်း အဆိုပါ ကျွမ်းကျင်သူက ယူဆသည်။
"အမျိုးသားတွေက အမျိုးသမီးတွေကို နှောင့်ယှက်တာမျိုး မလုပ်တော့အောင် လူ့အဖွဲ့အစည်းကို ပြောင်းလဲမယ့်အစား မိန်းကလေးဘက်ကပဲ ထိန်းသိမ်းရမယ်ဆိုတဲ့ သတင်းစကားမျိုး ပါဝင်နေပါတယ်" ဟု သူမက သတိပေးခဲ့သည်။
စည်းမျဉ်းအသစ်များသည် ကျောင်းသား (၆) သန်းကျော်ရှိသော အစိုးရပညာရေးစနစ်တစ်ခုလုံးအပေါ် သက်ရောက်မှုရှိမည်ဖြစ်ပြီး "ဒါဟာ တော်တော်လေး စည်းကမ်းကြီးတယ်ဆိုတာ ကျွန်မ သိပါတယ်။ ဒါပေမဲ့ တစ်သက်တာလုံးအတွက် အရေးပါလိမ့်မယ်ဆိုတာ ကျွန်မကို ယုံပါ" ဟု သမ္မတက ပြောခဲ့သည်။
တစ်ဖက်တွင်လည်း အစိုးရ၏ အစီအစဉ်ကို ပီရူး လူ့အခွင့်အရေး အဖွဲ့အစည်းများက ပြင်းပြင်းထန်ထန် ဝေဖန်ရှုတ်ချခဲ့ကြသည်။
Source - EL PAIS