မိဘတွေ ကျောင်းရွေးတဲ့အခါ ဘာတွေကို ထည့်သွင်းစဉ်းစားကြလဲ?

လက်ရှိပညာရေးအခြေအနေအရ မြန်မာနိုင်ငံမှာ ပုဂ္ဂလိကနဲ့ နိုင်ငံတကာကျောင်းရွေးချယ်စရာတွေ ပိုများလာတာကို တွေ့ရပါတယ်။ ပညာရေးဝန်ကြီးဌာနစာရင်းအရ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ မြန်မာနိုင်ငံတစ်ဝှမ်း ပုဂ္ဂလိကကျောင်းအသစ် (၃၆၀) အထိ တိုးလာပြီး နိုင်ငံတကာကျောင်း (၂၅၂) ကျောင်း ရှိကြောင်း သိရပါတယ်။

ဒီလိုမျိုး ပညာရေးရွေးချယ်စရာတွေ တဖြည်းဖြည်း ပိုမိုကျယ်ပြန့်လာတဲ့အတွက် ကျောင်းရွေးချယ်တဲ့အခါ မိဘတွေရဲ့ ဆုံးဖြတ်ချက်တွေလည်း ပြောင်းလဲလာပါတယ်။

ကျောင်းကောင်းတွေ အများကြီး ပေါ်လာတာကြောင့် “ဘယ်ကျောင်းက ကောင်းလဲ” ထက် “ဘယ်ကျောင်းက မိမိကလေးအနာဂတ် ပညာရေးအတွက် သင့်တော်လဲ” ဆိုတာကို အဓိကထား ဆုံးဖြတ်လာကြပါတယ်။ ဒါကြောင့် မိဘတွေ ကျောင်းရွေးချယ်တဲ့အခါမှာ ဘယ်အချက်တွေကို ထည့်သွင်းစဉ်းစားကြလဲဆိုတာ မျှဝေပေးသွားပါမယ်။

Curriculum

ကျောင်းရွေးချယ်ရာမှာ မိဘတွေ စဉ်းစားရမယ့် ပထမဆုံးအချက်တွေထဲက တစ်ခုက Curriculum ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ National Curriculum အပြင် Cambridge၊ IB၊ American နှင့် အခြားနိုင်ငံတကာသင်ရိုးတွေကို သင်ကြားပေးနေတဲ့ ကျောင်းတွေ ရှိပါတယ်။ သင်ရိုးတစ်ခုနဲ့တစ်ခုမှာ သင်ကြားရေးနည်းစနစ်၊  အကဲဖြတ်မှုပုံစံ၊ ဘာသာရပ်ဖွဲ့စည်းပုံနဲ့ နောက်တစ်ဆင့် တက်လှမ်းနိုင်မယ့် တက္ကသိုလ်ပညာရေးလမ်းကြောင်းတွေ ကွာခြားနိုင်ပါတယ်။

ဒါကြောင့် မိဘတွေအနေနဲ့ “ဘယ် Curriculum က အကောင်းဆုံးလဲ” ဆိုတာထက် “ဘယ် Curriculum က မိမိကလေးရဲ့ သင်ယူမှုပုံစံ၊ ရည်မှန်းချက်၊ အနာဂတ်ပညာရေးလမ်းကြောင်းနဲ့ ကိုက်ညီသလဲ?” ဆိုတာကို စဉ်းစားလာကြပါတယ်။ 

ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေး

ကျောင်းတစ်ကျောင်းမှာ Facilities ကောင်းတာ၊ အဆောက်အအုံကောင်းတာထက် ကလေးတွေနဲ့ နေ့စဉ်ထိတွေ့သင်ကြားပေးမယ့် ဆရာ၊ ဆရာမတွေရဲ့ အရည်အသွေးက ပိုမိုအရေးကြီးပါတယ်။

မိဘတွေက ဆရာ၊ ဆရာမတွေရဲ့ သင်ကြားရေးအရည်အချင်း၊ ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ကြားရေးအတွေ့အကြုံ၊ ကလေးတစ်ဦးချင်းစီကို အာရုံစိုက်ပေးနိုင်မှု၊ Classroom Management၊ မိဘဆရာ ဆက်ဆံရေး စတာတွေကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါတယ်။ 

ကျောင်းပတ်ဝန်းကျင်နှင့် လုံခြုံရေး

ကလေးတစ်ယောက်ဟာ တစ်နေ့တာရဲ့ အချိန်အတော်များများကို ကျောင်းမှာ ဖြတ်သန်းရတာဖြစ်တဲ့အတွက် School Environment က အရေးကြီးပါတယ်။

ကျောင်းရွေးတဲ့အခါ ကျောင်းဝင်းလုံခြုံမှု၊ စာသင်ခန်းပတ်ဝန်းကျင်၊ သန့်ရှင်းမှု၊ ကျန်းမာရေးနဲ့ ဘေးကင်းရေးစနစ်၊ ကျောင်းသားတွေအချင်းချင်း ဆက်ဆံရေးနဲ့ Bullying ကာကွယ်ရေး စနစ်တွေကိုလည်း မိဘတွေက စဉ်းစားပါတယ်။

အထူးသဖြင့် ကျောင်းတွေမှာ Bullying ကိစ္စတွေ များလာတာကြောင့် မိဘတွေအနေနဲ့ စိုးရိမ်ပူပန်မှုတွေလည်း များလာပါတယ်။ ၂၀၂၅ ခုနှစ် မြန်မာနိုင်ငံ ငလျင်အပြီးမှာ ကျောင်းအဆောက်အအုံနဲ့ ဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားမှုဟာ မိဘတွေအတွက် အရေးကြီးတဲ့ စဉ်းစားစရာတစ်ခု ဖြစ်လာပါတယ်။

ဒါကြောင့် School Safety ဆိုတာ ကျောင်းလုံခြုံရေးအတွက်သာ မဟုတ်ဘဲ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကိုပါ ထည့်သွင်းစဉ်းစားရမယ့် အချက်ဖြစ်ပါတယ်။

ကျောင်းလခ

ကျောင်းရွေးချယ်ရာမှာ School Fees ဟာ မြန်မာမိဘတွေအတွက်တော့ လက်တွေ့ကျတဲ့ အရေးကြီးဆုံးအချက်တွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ ကျောင်းလခများတာနဲ့ ပညာရေးအရည်အသွေး တိုက်ရိုက်တူညီတယ်လို့ မဆိုနိုင်ပါဘူး။

မိဘတွေအနေနဲ့ “ဒီကျောင်းက ဘယ်လောက်ကုန်ကျမလဲ?” ဆိုတာတင်မဟုတ်ဘဲ “ပေးရတဲ့ငွေနဲ့ ဘာတွေ ရရှိမလဲ?” ဆိုတာကိုလည်း ကြည့်ကြပါတယ်။ ကျောင်းလခအပြင် Registration Fee၊ Transportation၊ Uniform၊ Books၊ Activities နဲ့ အခြားကုန်ကျစရိတ်တွေ ရှိ/မရှိကိုလည်း စုစုပေါင်း ကုန်ကျစရိတ်အဖြစ် ထည့်တွက်ဖို့ လိုအပ်ပါတယ်။

English နှင့် Future Skills

မြန်မာနိုင်ငံမှာ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှုဟာ ကျောင်းရွေးချယ်ရာမှာ အရေးပါတဲ့ အချက်တစ်ခုအဖြစ် ဆက်လက်ရှိနေပါတယ်။ ဒါပေမဲ့ အနာဂတ်ပညာရေးအတွက် English တစ်ခုတည်းနဲ့ မလုံလောက်တော့ပါဘူး။ Critical Thinking၊ Communication၊ Creativity၊ Problem-solving၊ Digital Literacy နဲ့ Collaboration စတဲ့ Skills တွေကလည်း အရေးကြီးလာပါတယ်။

တချို့ကျောင်းတွေမှာဆိုရင် English တစ်မျိုးတည်း မဟုတ်ဘဲ Chinese၊ French စတဲ့ ဘာသာစကား ရွေးချယ်စရာ အမျိုးမျိုး ရှိပါတယ်။ မိဘတွေက ကလေးအနာဂတ်အတွက် လိုအပ်တဲ့ Skills တွေကို လေ့ကျင့်ပေးမယ့် ကျောင်းမျိုးကို ရွေးချယ်ကြပါတယ်။ 

University Pathway

ကျောင်းရွေးချယ်တဲ့အခါ မိဘတွေဟာ ကလေးရဲ့ လက်ရှိအတန်းကိုသာ ကြည့်မယ့်အစား နောက် (၅) နှစ်၊ (၁၀) နှစ်အတွင်း ဘယ်ကို ဆက်သွားနိုင်မလဲဆိုတာကိုလည်း စဉ်းစားလာကြပါတယ်။

အထူးသဖြင့် International Curriculum သင်ကြားတဲ့ ကျောင်းတွေမှာ University Pathway က အရေးကြီးတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းတစ်ကျောင်းကို ရွေးချယ်တဲ့အခါ “ကျောင်းပြီးရင် ဘယ်လိုအခွင့်အလမ်းတွေ ရှိမလဲ?” ဆိုတာကိုလည်း မိဘတွေက စုံစမ်းပြီး ရွေးချယ်ကြပါတယ်။ 

Location

School Bus တွေရှိပေမဲ့လည်း Location ကို ကြည့်ပြီး ကျောင်းရွေးချယ်တာကလည်း လက်တွေ့ကျပါတယ်။ အထူးသဖြင့် ရန်ကုန်လို ယာဉ်ကြောပိတ်ဆို့မှုများတဲ့ မြို့မှာ ကျောင်းသွားလာချိန်ဟာ ကလေးရဲ့ နေ့စဉ်ဘဝအပေါ် သက်ရောက်နိုင်ပါတယ်။

ကျောင်းကောင်းတစ်ကျောင်းဖြစ်ပေမယ့် နေ့စဉ်သွားလာချိန် အလွန်ရှည်လျားနေမယ်ဆိုရင် ကလေးရဲ့ အိပ်ချိန်၊ အနားယူချိန်နဲ့ စာလုပ်ချိန်တွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ပညာရေးအရည်အသွေးနဲ့အတူ ကျောင်းတည်နေရာကိုလည်း ထည့်သွင်းစဉ်းစားကြပါတယ်။ 

School Reputation နှင့် Parent Trust

ကျောင်းတစ်ကျောင်းရဲ့ Reputation ကလည်း မိဘတွေရဲ့ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ Reputation ကို Social Media မှာ တွေ့ရတဲ့ နာမည်ကောင်းတစ်ခုတည်းနဲ့ ဆုံးဖြတ်ဖို့ မသင့်ပါဘူး။

မိဘတွေအနေနဲ့ ကျောင်းရဲ့ သင်ကြားရေးရလဒ်၊ ဆရာ၊ ဆရာမတွေရဲ့ အရည်အချင်း၊ ကျောင်းသားတွေရဲ့ အတွေ့အကြုံ၊ မိဘတွေနဲ့ ဆက်ဆံရေး၊ ကျောင်းစီမံခန့်ခွဲမှုပုံစံ စတာတွေကိုပါ လေ့လာသင့်ပါတယ်။ တကယ်တော့ School Reputation ဆိုတာ ကြော်ငြာနဲ့ တည်ဆောက်တာထက် ကျောင်းသားနဲ့ မိဘတွေရဲ့ ယုံကြည်မှုနဲ့ တည်ဆောက်တာ ပိုမိုအရေးကြီးပါတယ်။

High Kindergarten Latest Post Primary Secondary Read 22 times