အမေရိကန်တွင် ကျောင်းသား (၆) ထောင်ကျော် ဗီဇာပိတ်သိမ်းခံရ

အမေရိကန်အစိုးရသည် နိုင်ငံတကာကျောင်းသားများနှင့် ရွှေ့ပြောင်းနေထိုင်သူများအပေါ် တင်းကြပ်မှုများ ပြုလုပ်ပြီးနောက် ဇန်နဝါရီလမှ လက်ရှိအထိ ကျောင်းသား (၆,၀၀၀) ကျော် ဗီဇာပိတ်သိမ်းခံထားရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကျောင်းသားများသည် ခိုက်ရန်ဖြစ်ပွားခြင်း၊ မူးယစ်ဆေးနှင့် အရက်သုံးစွဲပြီး ကားမောင်းခြင်း၊ ဖောက်ထွင်းမှုကျူးလွန်ခြင်း၊ အကြမ်းဖက်မှုကို ထောက်ခံခြင်း စသည့်ပြစ်မှုတို့ကြောင့် ဗီဇာအသိမ်းခံရကြောင်း ဖော်ပြထားသည်။ 

ဗီဇာအသိမ်းခံရသော ကျောင်းသား (၆,၀၀၀) ကျော်အနက် (၄,၀၀၀) သည် ရက်လွန်နေထိုင်သူများနှင့် ဥပဒေချိုးဖောက်သူများဖြစ်ပြီး ကျောင်းသား (၂၀၀) မှ (၃၀၀) သည် အကြမ်းဖက်မှုကို ထောက်ခံသူများ ဖြစ်သည်ဟု ဆိုသည်။   

ယခုနှစ်အစောပိုင်းတွင် အမေရိကန်သည် နိုင်ငံတကာကျောင်းသားများအတွက် ဗီဇာချိန်းဆိုမှုများကို ယာယီရပ်နားခဲ့ပြီး ဇွန်လတွင် ဗီဇာချိန်းဆိုမှုများ ပြန်လည် စတင်ပေးခဲ့သည်။

သို့ရာတွင် ကျောင်းသားဗီဇာ လျှောက်ထားသူများ၏ ဆိုရှယ်မီဒီယာအကောင့်များကို  လော့ခ်ဖွင့်ထားရန် လိုအပ်ကြောင်းနှင့် စစ်ဆေးမှုများ ပြုလုပ်ပြီးမှ ဗီဇာထုတ်ပေးမည်ဖြစ်ကြောင်းလည်း တရားဝင် ကြေညာခဲ့သည်။

အမေရိကန်၏ အစိုးရ၊ ယဉ်ကျေးမှု၊ အဖွဲ့အစည်း၊ ဥပဒေနှင့် အခြေခံမူများကို ရန်လိုသည်ဟု ယူဆနိုင်သည့် ပို့စ်များနှင့် မက်ဆေ့ချ်များကို ကောင်စစ်ဝန်အရာရှိများက စောင့်ကြည့်နေမည်ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောကြားခဲ့သည်။

ဒီမိုကရက်တစ်များသည် ထိုသို့ ကျောင်းသားဗီဇာများ ရုတ်သိမ်းခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ခဲ့ပြီး အဆိုပါလုပ်ရပ်သည် ဒီမိုကရေစီလမ်းကြောင်းမှ သွေဖယ်နေသည်ဟု ထောက်ပြခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် နိုင်ငံပေါင်း (၂၁၀) ကျော်မှ ကျောင်းသားပေါင်း (၁.၁) သန်းကျော်သည် အမေရိကန်ကောလိပ်တွင် စာရင်းသွင်းခဲ့ကြသည်ဟု နိုင်ငံခြားကျောင်းသားများဆိုင်ရာ အချက်အလက် စုဆောင်းသည့် အဖွဲ့အစည်းဖြစ်သော Open Doors ၏ အဆိုအရ သိရသည်။

Source - BBC , Time Magazine

International News Read 13 times