ကျောင်းသားနည်းပါးမှုကြောင့် နိုင်ငံတစ်ဝန်းရှိ စာသင်ကျောင်းပေါင်း (၄,၀၀၀) ကျော်ကို ပိတ်ထားရကြောင်း တောင်ကိုရီးယားလွှတ်တော်အမတ်တစ်ဦးက ဒီဇင်ဘာ (၂၈) ရက်တွင် ပြောကြားခဲ့သည်။
ပညာရေးဝန်ကြီးဌာနမှ အချက်အလက် ရရှိသော လက်ရှိအာဏာရ ကိုရီးယားဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ် Jin Sun-me ၏အဆိုအရ လက်ရှိကာလအထိ ပိတ်ထားရသည့် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းကျောင်း စုစုပေါင်း (၄,၀၀၈) ကျောင်း ရှိပြီဖြစ်ကြောင်း သိရသည်။
အများစုသည် မူလတန်းကျောင်းများဖြစ်ပြီး မူလတန်းကျောင်း (၃,၆၇၄) ကျောင်း၊ အလယ်တန်းကျောင်း (၂၆၄) ကျောင်းနှင့် အထက်တန်းကျောင်း (၇၀) ကျောင်းတို့ဖြစ်သည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်းတွင် စာသင်ကျောင်း (၁၅၈) ကျောင်း ပိတ်ခဲ့ရပြီး နောက်ထပ်ငါးနှစ်အတွင်း (၁၀၇) ကျောင်း ပိတ်သွားနိုင်ချေရှိသည်ဟု ခန့်မှန်းထားကြသည်။
ထိုသို့ဖြစ်ရခြင်းမှာ မြို့ပြမဟုတ်သော ဒေသများတွင် ကျောင်းသားဦးရေ သိသိသာသာ ကျဆင်းမှုကြောင့် ဖြစ်သည်ဟု သိရပြီး ဂျောလာမြောက်ပိုင်းပြည်နယ်သည် ကျောင်း (၁၆) ကျောင်း၊ ဂျောလာတောင်ပိုင်းပြည်နယ်သည် ကျောင်း (၁၅) ကျောင်းဖြင့် ပိတ်ထားရသည့် ကျောင်းအရေအတွက် အများဆုံးဖြစ်သည်။
မွေးဖွားမှုနှုန်း ကျဆင်းပြီး ကျောင်းသားဦးရေ လျော့နည်းလာခြင်းသည် နိုင်ငံတစ်ဝှမ်းရှိ ကျောင်းများတွင် အပြောင်းအလဲများ ဖြစ်ပေါ်စေပါသည်။
ဖေဖော်ဝါရီတွင် ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ၂၀၂၅ ပညာသင်နှစ်အတွက် သင်ကြားရေးရာထူး စုစုပေါင်း (၂,၂၃၂) ဦးကို လျှော့ချခဲ့ရသည်။ မူလတန်းပြဆရာဦးရေ (၁,၂၈၉) ဦးနှင့် အလယ်တန်းပြ သင်ကြားရေးရာထူး (၁,၇၀၀) ကို လျှော့ချခဲ့ရကြောင်း သိရသည်။
ရလဒ်အနေဖြင့် ပြည်နယ်နှင့် မြို့နယ်ပညာရေးရုံးများသည် အချို့ကျောင်းများတွင် အတန်းအရွယ်အစားကို လျှော့ချခြင်း အပါအဝင် ကျောင်းပိတ်သိမ်းခြင်းစသည့် အစီအမံများ ပြုလုပ်ခဲ့ရသည်။
Source - The Straits Times