OpenAI သည် ပညာရေးကဏ္ဍအတွက် Coursera အမှုဆောင်ဟောင်းကို အလုပ်ခန့်

 

OpenAI သည် Coursera မှ အမှုဆောင်ဟောင်း Leah Belsky ကို ကျောင်းများတွင် ဉာဏ်ရည်တု (AI) အသုံးပြုမှု တိုးမြင့်စေရန် ပညာရေး၏ အထွေထွေမန်နေဂျာအသစ်အနေဖြင့် အလုပ်ခန့်အပ်ခဲ့သည်။ သူမ၏အခန်းကဏ္ဍမှာ ChatGPT ကဲ့သို့ OpenAI ၏ ကိရိယာများကို ကျောင်းများနှင့် စာသင်ခန်းများသို့ မိတ်ဆက်ရာတွင် ဦးဆောင်ရန်ဖြစ်သည်။ 

 

အွန်လိုင်းသင်ယူမှုပလက်ဖောင်း Coursera ၏ Chief Revenue Officer ဖြစ်ခဲ့သည့် Belsky သည် ၁၂ တန်း၊ တက္ကသိုလ်နှင့်  အဆင့်မြင့်ပညာရေးကဏ္ဍရှိ ဆရာများ၊ ကျောင်းသားများနှင့် OpenAI အသုံးပြု ထိတွေ့မှု များလာစေရန် လုပ်ဆောင်ပေးရမည်ဟု စက်တင်ဘာလ (၁၈) ရက်နေ့၊ ဗုဒ္ဓဟူးနေ့တွင် ကုမ္ပဏီဘက်က ပြောကြားခဲ့သည်။ 


Leah Belsky သည် OpenAI မှ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်မှု၊ မူဝါဒနှင့် စျေးကွက်ချဲ့ထွင်မှု အဖွဲ့များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်ပြီး ပညာရေးဘက်မှ တုံ့ပြန်ချက်များကို မျှဝေပေးရမည်ဖြစ်သည်။ OpenAI သည် ၂၀၂၂ ခုနှစ်တွင် ChatGPT ကို စတင်မိတ်ဆက်ခဲ့ပြီးနောက် ကျောင်းသားများကြား အလွန်ရေပန်းစားခဲ့သည်။ 


သို့သော် အချို့ဆရာများသည် ကျောင်းသားများက Assignments တို့တွင် လိမ်လည်လှည့်ဖြားခြင်းနည်းဖြင့် သုံးစွဲမည်ကို စိုးရိမ်သောကြောင့် စာသင်ခန်းများတွင် အသုံးပြုမှု ကန့်သတ်ကြသည်။ Belsky ၏ တာဝန်သည် အဆိုပါစိုးရိမ်မှုများကို ဖြေရှင်းရန်နှင့် ပညာရေးတွင် AI ကို ထိရောက်စွာ အသုံးပြုနိုင်သည့် နည်းလမ်းများ ရှာဖွေခြင်းတို့ ပါဝင်မည်ဖြစ်သည်။

 

OpenAI သည် ပိုမိုကျယ်ပြန့်သော ၀င်ငွေရရှိလာစေရန် နာမည်ကြီးတက္ကသိုလ်ကျောင်းများနှင့်လည်း ပူးပေါင်းခဲ့ပါသည်။ မေလတွင် ၎င်းတို့သည် ကျောင်းများအတွက် အံဝင်ခွင်ကျရှိပြီး အထူးစျေးနှုန်းများဖြင့် ChatGPT Edu ဟုခေါ်သော chatbot ၏ အထူးဗားရှင်းကို မိတ်ဆက်ခဲ့သည်။ University of Oxford၊ Arizona State University နှင့် Columbia University ကဲ့သို့သော ထိပ်တန်းကျောင်းများသည် ဤထုတ်ကုန်ကို အသုံးပြုနေပြီဖြစ်သည်။

 

"လုပ်ငန်းနယ်ပယ်အသီးသီးမှ လူများအတွက် AI ကို အကျိုးအများဆုံး ရရှိစေမည့် အသုံးချနည်းကို ပေးဆောင်ရန် Leah သည် ထိပ်တန်းတက္ကသိုလ်များနှင့် ကုမ္ပဏီ၏ ပူးပေါင်းဆောင်ရွက်မှုကို အရှိန်မြှင့်ပေးမည်" ဟု OpenAI ၏  Chief Operating အရာရှိချုပ် Brad Lightcap က ပြောကြားခဲ့သည်။ 

 

OpenAI သည် လာမည့် အောက်တိုဘာလမှာ တက္ကသိုလ်တွင် သင်ကြားရေးနှင့် ပညာရေးဆိုင်ရာ သုတေသနပြုခြင်းတို့အတွက် AI ကို ထိထိရောက်ရောက် မည်သို့အသုံးချရမည်ကို ဆွေးနွေးရန် အဆင့်မြင့် ပညာရေးအဖွဲ့အစည်းများ၏ ဥက္ကဋ္ဌများ၊ ကျောင်းအုပ်များနှင့်အတူ တွေ့ဆုံရန်ရှိကြောင်း ပြောကြားခဲ့သည်။ 

 

OpenAI ၏ မော်ဒယ်များသည် သုတေသနအတွက် အသုံးဝင်သော ကိရိယာများ ဖြစ်လာသည်။ ကုမ္ပဏီက ၎င်း၏နောက်ဆုံးထွက်မော်ဒယ်သည် ပိုမိုအဆင့်မြင့်သော ကျိုးကြောင်းဆင်ခြင်နိုင်စွမ်းရှိပြီး ရူပဗေဒ၊ ဓာတုဗေဒနှင့် ဇီဝဗေဒဆိုင်ရာ စာမေးပွဲများတွင် Ph.D ကျောင်းသားများ လုပ်ဆောင်သကဲ့သို့ လုပ်ဆောင်နိုင်ကြောင်း ကုမ္ပဏီဘက်က ပြောကြားခဲ့သည်။ 

 

Source - yahoo!

 

International News Read 77 times