အရှေ့အလယ်ပိုင်းကျောင်းသားများ၏ ဆရာအကဲဖြတ် အမှတ်များကို Ofqual က အသိအမှတ်မပြု

စာမေးပွဲစစ်ဆေးရေးအဖွဲ့များဖြစ်သော Pearson နှင့် AQA တို့က အရှေ့အလယ်ပိုင်းရှိ ကျောင်းသားများအတွက် IGCSE နှင့် A-level စာမေးပွဲဆိုင်ရာ အပြောင်းအလဲများကို အတည်ပြုလိုက်သော်လည်း Ofqual (ယူကေစာမေးပွဲ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့) က အသိအမှတ်မပြုကြောင်း ပြန်လည် ထုတ်ပြန်ထားသည်။  

အရှေ့အလယ်ပိုင်းဒေသများတွင် စာမေးပွဲများ ဖျက်သိမ်းပြီး ယခင်လုပ်ဆောင်ချက်များနှင့် ဆရာများ၏ အကဲဖြတ်ချက်များအပေါ် မူတည်၍ အမှတ်ပေးကာ နိုင်ငံတကာအသိအမှတ်ပြု အရည်အချင်းစစ် (International Qualifications) များသာ ပေးအပ်မည်ဖြစ်ကြောင်း ဆုံးဖြတ်ထားသည်။

သို့သော် စစ်ပွဲမစတင်မီက ယူကေနိုင်ငံတွင်းသုံး GCSE နှင့် A-level စာမေးပွဲများကို ဖြေဆိုရန် ပြင်ဆင်ထားသည့် အရှေ့အလယ်ပိုင်းမှ နိုင်ငံတကာကျောင်းသားများသည် ယခုအခါ နိုင်ငံတကာအဆင့် IGCSE နှင့် A-level တို့နှင့် ညီမျှသော အရည်အချင်းစစ်လက်မှတ်များကိုသာ ရရှိတော့မည်ဟု အသိပေးခြင်းခံရသောကြောင့် ၎င်းတို့၏ တက္ကသိုလ်ဝင်ခွင့်များအတွက် စိုးရိမ်လာကြသည်။

အကြောင်းမှာ ယူအေအီးနှင့် ဘာရိန်းစသည့် အရှေ့အလယ်ပိုင်းနိုင်ငံများတွင် Pearson နှင့် AQA ကဲ့သို့သော စာမေးပွဲအဖွဲ့များက အမှတ်သတ်မှတ်ရန် အသုံးပြုသည့် နည်းလမ်းများကို Ofqual က အသိအမှတ်မပြုခြင်းကြောင့် ဖြစ်ပါသည်။

"နိုင်ငံအတွင်း စာမေးပွဲများ ဆက်လက်မကျင်းပနိုင်သည့် ကျောင်းသားများအတွက် စာမေးပွဲအဖွဲ့များသည် အစမ်းစာမေးပွဲများ (သို့) အခြားသော အထောက်အထားပုံစံများအပေါ် အခြေခံရုံဖြင့် ရလဒ်အစစ်များကို ထုတ်ပြန်ပေးနိုင်မည် မဟုတ်ပါ" ဟု Ofqual က ပြောသည်။

သို့ဖြစ်ပါ၍ ကျောင်းသားများ ရရှိမည့် နိုင်ငံတကာအသိအမှတ်ပြုအရည်အချင်းစစ်လက်မှတ် အမျိုးအစားများတွင် Ofqual လိုဂို ပါရှိမည်မဟုတ်သောကြောင့် တက္ကသိုလ်လျှောက်ထားရာတွင် အခက်အခဲရှိလာနိုင်သည်ဟု သိရသည်။ 

ထို့ကြောင့် Pearson က ကျောင်းသားများအနေဖြင့် မိမိတို့ ရရှိမည့် နိုင်ငံတကာ IGCSE နှင့် A level လက်မှတ်ကို လက်ခံခြင်း ရှိမရှိ မိမိတက်ရောက်လိုသည့် တက္ကသိုလ်များထံသို့ တိုက်ရိုက် စုံစမ်းရန် တိုက်တွန်းထားသည်။ 

Pearson Edexcel ၏ နိုင်ငံတကာကျောင်းများဆိုင်ရာ ဒု-ဥက္ကဋ္ဌ Emma Whale က "Pearson ၏ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များသည် ကမ္ဘာတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် အသိအမှတ်ပြုထားခြင်း ခံရသည်။ ယူကေတက္ကသိုလ်များကလည်း ကျွန်တော်တို့၏ အစီအစဉ်ကို သိရှိနားလည်စေရန် UCAS (တက္ကသိုလ်ဝင်ခွင့်ဝန်ဆောင်မှုအဖွဲ့) နှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း" ကျောင်းသားများ စိတ်ပူပန်မှု မရှိစေရန် ပြောကြားခဲ့သည်။

UCAS ၏ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ Courteney Sheppard ကလည်း ၎င်းတို့အနေဖြင့် ဤအခြေအနေကို သိရှိထားပြီး ကျောင်းသားများအတွက် အရည်အချင်းစစ်လက်မှတ်အမျိုးအစားများနှင့် အကဲဖြတ်စစ်ဆေးမှု နည်းလမ်းများကို ကြည့်ရှုစစ်ဆေးပြီး ထည့်သွင်းဆုံးဖြတ်ပေးသွားမည်ဟု ပြောကြားခဲ့သည်။ 

Source - TES magazine

International News Read 33 times